တနိုင်းမြို့၌ ကျောက်မျက်ရတနာအသေးစားနှင့် လက်လုပ်လက်စားဥပဒေကြမ်းဖြစ်ပေါ်လာရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကျင်းပ

တနိုင်း စက်တင်ဘာ ၅
ကချင်ပြည်နယ်အတွင်း ကျောက်မျက်ရတနာအသေးစားနှင့် လက်လုပ်လက်စား ဥပဒေမူကြမ်း ရေးဆွဲရေးနိုင်ရေး အတွက် ပြည်နယ်လွှတ်တော်ဥပဒေကြမ်းရေးဆွဲရေးအဖွဲ့၏ ဦးဆောင်၍ ပိုမိုကောင်းမွန်သော ဥပဒေမှုကြမ်းတစ်ခုရေးဆွဲ နိုင်ရေး တနိုင်းဒေသရှိ ဒေသခံပြည်သူလူထုနှင့် ပယင်းမှော်လုပ်ငန်းလုပ်ကိုင်သူများ၏ အကြံပြုချက်များရယူခြင်းအတွက် စက်တင်ဘာ(၂)ရက် မွန်းလွဲပိုင်းတွင် တနိုင်းမြို့ ပုန်ခုန်းရပ်ကွက်ရှိ ဟူးကောင်းခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက တနိုင်းဒေသခံအများစုသည် ပယင်းမှော်အပေါ်မှီခိုအားထားပြီး အသက်မွေးဝမ်းကျောင်းပြုရသောကြောင့် ဥပဒေမူကြမ်းပေါ်ပေါက်ဖို့ရန် ပံ့ပိုးပေးနိုင်သော အဖွဲ့အစည်းအသီးသီးနှင့် ပညာရှင်အသီးသီးရှိနေသည့်အတွက် ပယင်းအပါ အဝင် ကျောက်မျက်ရတနာ ဈေးကွက်များကို ပြည်နယ်အတွင်းခွင့်ပြုပေးနိုင်ရေး၊ တူးဖော်သူ ရောင်းဝယ်ဖောက်ကားသူ များ ဥပဒေနှင့် အညီလုပ်ဆောင်နိုင်ရေး၊ ဥပဒေကို အတည်မပြုခင် ဘယ်အချက်တွေသည် ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိကို သိရှိနားလည်ဖို့ရန် ဆွေးနွေးအကြံပြုကြရေး ပြောကြားသည်။
ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်ကလည်း ဥပဒေ ကြမ်းရေးဆွဲရေးအဖွဲ့ကို ဇွန်လအတွင်းက လွှတ်တော်ကိုယ်စားလှယ်လေးဦးဖြင့် ဖွဲ့စည်းထားကြောင်း ဥပဒေကြမ်းပြုစုရာ တွင် ပြည်နယ်အတွင်းရှိ ပြည်သူများ၏အကြံပြုချက်များ ၊ အချက်အလက်များပါဝင်ခြင်းဖြင့် ကောင်းမွန်သော ဥပဒေကြမ်း ပေါ်ပေါက်လာရေး ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းကို ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို တနိုင်းမြို့၌ ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ဝင်များနှင့် Transparency and Accountability Network Kachin( TANKS )အဖွဲ့မှ ဒေါ်ခေါန်ဂျာတို့က ဒေသခံပြည်သူများနှင့် ဥပဒေမူကြမ်းပါအချက်အလက်များ၊ ကျောက်မျက်ကဏ္ဍနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက် လာသူများက အသေးစားနှင့် လက်လုပ်လက်စားကျောက်မျက်ရတနာဥပဒေမူကြမ်း ဖြစ်ပေါ်လာရေးအတွက် အကြံပြု ဆွေးနွေးကြခြင်းတို့ကို နှစ်ရက်ကြာကျင်းပပြုလုပ်ကြကြောင်းသိရသည်။
Visitors: 21,133