ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး တနိုင်းနှင့် ရှင်ဗွေယန်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ

တနိုင်း စက်တင်ဘာ ၄
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများက စက်တင်ဘာ (၁)ရက်နှင့် (၂)ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ(၁)ရက်တွင် တနိုင်းမြို့နယ်အတွင်းရှိ အထက(ခွဲ) တိန်ကောက်၊ အမက (နန်ဖျက်ယန်)နှင့် အလက(ခွဲ)နောင်းလုံ၊ ကောင်ရာအခြေခံ စာသင်ကျောင်းများအတွင်း ကြည့်ရှုစစ်ဆေးပြီး တနိုင်းမြို့၊ မြို့ပတ်လမ်းကို ကျောက်ချောလမ်းခင်းခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် ရှင်ဗွေယန်ဒေသအတွင်း ရှင်ဗွေယန်-ခပ်ဆားလမ်းအား မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် သဲကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြို့ဘောလုံးကွင်းဖောက်လုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ထေရဝါဒတောင်တန်း သာသနာပြုဘုန်းတော်ကြီးကျောင်း၌ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ဓမ္မစကူးလ်ကျောင်းသား/သူများအား အာဟာရဒါန ကျွေးမွေးခြင်း၊ ရပ်ကွက်( ၃ ) မူကြိုကလေးငယ်များအား ကျောပိုးအိတ်များနှင့် ကျောင်းသုံးပစ္စည်းကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရသည်။
ယင်းနောက် ရှင်ဗွေယန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကာ နာဂ၊ ကချင်၊ ရှမ်း၊ လီဆူရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးသည် စက်တင်ဘာ (၂)ရက်တွင် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပွဲကို တနိုင်းမြို့၊ ဟူးကောင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားကာ တက်ရောက်လာသည့် ဒေသခံပြည်သူများက လမ်းလို အပ်ချက်များဆောင်ရွက်ပေးနိုင်ရေး၊ တံတားပျက်စီးနေမှုများဆောင်ရွက်ပေးနိုင်ရေး၊ သာယာသစ်(အ.မ.က)စာသင်ကျောင်း တွင် သောက်သုံးရေရှိရေး ပယင်းမှော်များ ဖွင့်လှစ်ပေးနိုင်ရေးတို့နှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများကို ပြည်နယ် ဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် တနိုင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မုန်ဒိန်ရပ်ကွက်၊ အေးသုခရပ်ကွက်နှင့် မကောကျေးရွာအုပ်စုများရှိ မူကြိုကျောင်း (၃)ကျောင်းအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အာစီ ဘုရားကျောင်းဝင်းအတွင်းရှိ ခေတ္တနေရပ်စွန့်ခွာသူ (၆၁)ဦးအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားပေးအပ်ကာ မြို့နယ်လဝက ရုံး၌ဝန်ထမ်းများနှင့်တွေ့ဆုံမှာကြားပြီး ပုန်းခုန်းရပ်ကွက် အထက(၁) ကျောင်းအနောက်ဘက်ရှိ တံတားပြုပြင်ဆောင်ရွက် နိုင်ရေးကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တနိုင်းမြို့ဇေယျာသီရိဘုန်းတော်ကြီးကျောင်းနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်း များသို့ သွားရောက်ကာ ဆရာတော်ဘုရားများအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Visitors: 21,133