မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကျင်းပပြုလုပ်

မြစ်ကြီးနား စက်တင်ဘာ ၁
၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီတွင် မြစ်ကြီးနားမြို့ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။
ပြိုင်ပွဲများကို ကျောင်းဝင်းအတွင်းရှိ ရွှေသွေးခန်းမ၊ ခေတ္တာဆောင်တို့တွင် မြစ်ကြီးနားခရိုင်အတွင်း ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက လူကုန်ကူးမှုအန္တရာယ်ဝိုင်းဝန်းပူးပေါင်းတို့ ကာကွယ်ခေါင်းစဉ်ဖြင့် ပြိုင်ပွဲအမျိုးအစားများအလိုက် ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးနေလင်းထွန်းနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လူကုန်ကူးမှုတားဆီးကာကွယ် ရေးအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကို အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ၁၂၀ ဦး၊ ကာတွန်း ပြိုင်ပွဲတွင် ၃၃ဦး၊ ပိုစတာပြိုင်ပွဲတွင် ၂၈ဦး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင်၂၀၉ ဦးတို့ဖြင့် စုစုပေါင်း ၃၉၀ ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အလားတူ ပြည်နယ်အတွင်းရှိ မိုးညှင်းခရိုင်အတွင်း မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့နယ်တို့တွင် ပြိုင်ပွဲအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သူ ၅၈၉ ဦး၊ ဗန်းမော်ခရိုင်တွင် ၁၂၄ ဦးနှင့် ပူတာအိုခရိုင်တွင် ၁၈၆ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပြီး ပြိုင်ပွဲများအလိုက် ဆုရကျောင်းသား/ သူများအား စက်တင်ဘာ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကျင်းပမည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
Visitors: 20,042