အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်း အမှတ်စဉ်(၅/၂၀၁၉)သင်တန်းဆင်း

ရွှေကူ သြဂုတ် ၃၁
စက်မှုဝန်ကြီးဌာနနှင့် ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွန့်က ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူနေမှုအဆင့်အတန်းများ မြင့်မားလာပြီး ဘဝရပ်တည်မှုများ ပိုမိုခိုင်မာလာစေရန်အတွက် သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ (၂၀၁၉- ၂၀၂၀) ဘဏ္ဍာနှစ်တွင် ရွှေကူမြို့နယ်တွင် ကျေးရွာပေါင်း (၁၉)ရွာမှ အိမ်ခြေပေါင်း (၃၂၃၅)အိမ်ကို လျှပ်စစ်မီးထပ်မံသွယ်တန်းပေးသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်းအားလိုင်းများတိုးချဲ့လာသည်နှင့် အမျှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်လာမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေနှင့် လည်း လျှပ်စစ်သုံးစွဲရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ် လျော့ပါးရေးနှင့် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဆောင်ရွက် နိုင်ရေး၊ ကျေးလက်နေပြည်သူများ လျှပ်စစ်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ တိုးပွားလာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချလိုက်သော အသက်မွေးဝမ်းကြောင်း အတတ်ပညာများဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချသွားကြရန်နှင့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးသွားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ပေးပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါသင်တန်းသို့ မြို့နယ်ပေါင်း (၈)မြို့နယ်မှ စိတ်ပါဝင်စားသူ သင်တန်းသား (၁၄၄)ဦးက ရက်သတ္တပတ် (၄)ပတ်ကြာ တက်ရောက်ခဲ့ကြကြာင်း သိရသည်။
Visitors: 20,043