ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး(တပ်ခွဲအဆင့်)ဇာတ်တိုက်သရုပ်ပြသမှုကိုပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

မြစ်ကြီးနား ဩဂုတ် ၃၀
ကချင်ပြည်နယ်အတွင်း အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ငလျင်ဘေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုအနေဖြင့် ပြည်နယ်မီးသတ်ဦးစီးဌာန မှ တပ်ခွဲအဆင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုအစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်း တွင် မြစ်ကြီးနားမြို့၊သီတာရပ်ကွက်၊အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပ ပြုလုပ်သည်။
သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက လိုအပ်ချက်များကို ဖြည့်စွက်တင်ပြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်အဖွဲ့သည် အမှတ်(၅) အခြေခံပညာကျောင်းဝင်းအတွင်း၌ ပြုလုပ်သည့် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျပျက်စီးပြီး အဆောက်အဦအတွင်း ပိတ်မိပြည်သူများအား မီးသတ်ဦးစီးဌာန၊ တပ်ခွဲ အဆင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက မျက်မြင်လူနာများအားဦးစားပေးအဆင့်အလိုက်ဘေးကင်း ဇုံသို့ သယ်ယူရွှေ့ပြောင်းခြင်း၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးစက်ကိရိယာများဖြင့် ပိတ်မိပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း ငလျင်လှုပ်မှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ၉ ကြိမ် လှုပ်ခတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ ၁၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်းသိရှိရပြီး ပြည်နယ်မီးသတ်ဦးစီးဌာနအနေ ဖြင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်လုပ်ငန်းများ ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
Visitors: 20,042