ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား သြဂုတ်လ (၁၄)
၂၀၁၉ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် ၊ မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွှဲ (၃) နာရီက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ၊ ငြိမ်းချမ်းသာယာ အားကစားကွင်း၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးသည်။
ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ်၊ ဘောလုံးအသင်းနှင့် မိုးညှင်းမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားရာ ပြိုင်ပွဲပြီးချိန်အထိ သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် မြစ်ကြီးနားမြို့နယ် ဘောလုံးအသင်းက မိုးညှင်းမြို့နယ်ဘောလုံးအသင်းကို (၇-၆)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တတိယဆုပူးတွဲ ရရှိသော မိုးကောင်းမြို့နယ်အသင်းနှင့် မန်စီမြို့နယ် အသင်းတို့အားလည်းကောင်း၊ ဒုတိယဆုရရှိသော မိုးညှင်းမြို့နယ် ဘောလုံးအသင်းတို့အား လည်းကောင်း၊ ပထမဆု ရရှိသော မြစ်ကြီးနားမြို့နယ်ဘောလုံးအသင်းအတွက် တစ်ဦးချင်း လည်ဆွဲပြားနှင့် ဆုဖလားတို့အား လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကစားသမားများနှင့် အသင်းအုပ်ချုပ်သူ နည်းပြများက လက်ခံရယူခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ် လ၊ ( ၂ ) ရက် နေ့တွင် စတင်ကျင်းပခဲ့ပြီး အသင်းပေါင်း (၁၀) သင်း ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရှိရသည်။
 
Visitors: 20,042