မြစ်ကြီးနားမြို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ယနေ့မှစတင်၍ ၄ လကြာ လိုင်စင်များ ပြုလုပ်ပေးသွားမည်

မြစ်ကြီးနား ဩဂုတ်(၁၃)
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြစ်ကြီးနားမြို့တွင် ဩဂုတ်လ ၁၃ ရက်မှစတင် ကာ ဆိုင်ကယ်လိုင်စင်များကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အဆိုပါလိုင်စင်များကို မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ပြည်နယ်အားကစားကွင်းရှိ မေခအားကစားခန်းမတွင် နံနက် (၉) နာရီခွဲမှ မွန်းလွဲ (၄)နာရီ ထိ ရုံးချိန်အတွင်း လိုင်စင်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးရာတွင် ယာဉ်တစ်စီးကို စည်းကြပ်တန်ဘိုး၏ ၅၀% ကို ကညန၊ စည်ပင်၊ မြို့နယ်အခွန်၊ မီးသတ်၊ အကောက်ခွန်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ် ထိန်းရဲတပ်ဖွဲ့ စသည့် ဌာနဆိုင်ရာများမှ အခွန်ကောက်ခံ၍ ယာဉ်လိုင်စင်များ ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်းနှင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ (၁၂)ရက်နေ့ထိ (၄)လကြာ ပြုလုပ်ပေးသွား မည်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစန်းယုန်းက ပြောကြားသည်။
မြစ်ကြီးနားမြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ပေးခြင်းသည် ယခုအကြိမ်သည် ဒုတိယ အကြိမ်ပြုလုပ်ပေးခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ဇွန်လ ၁၈ ရက်မှ စက်တင်ဘာ ၁၈ ရက်ထိ ၃ လကြာ ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးရာတွင်လည်း ဆိုင်ကယ်အစီးရေ (၈၀၀၀)ကျော် လိုင်စင် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သိရှိရသည်။
Visitors: 20,042