ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ ဆေးရုံသုံးပစ္စည်းများ ဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ပြီး မြို့ပေါ်ရပ်ကွက်များကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဩဂုတ် ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခြင်ကြောင့်ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါများဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးအပါအဝင် မြို့ပေါ်ရပ်ကွက်များအတွင်းလူထုလှုပ် ရှားမှုအသွင်ဖြင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးအစည်းဝေးခန်းမ၌ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံသုံး ပစ္စည်း Infusion Pump ၁၀ စုံ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း ၅၀ နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက Intraosseous needle setsဝယ်ယူရန်အတွက် ငွေကျပ်၄၅ သိန်းတို့ကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆေးရုံအုပ်ကြီးတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေ သောလူနာများအား တွေ့ဆုံအား ပေးစကားပြောကြားကာ ဆေးရုံဝင်းအတွင်း ဆေးရုံဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ကုန်း(ထွယ်ဆန်ယန်)ရပ်ကွက် လမ်းသွယ် ၁၁ အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရေဝပ်သည့်နေရာအား ရှင်းလင်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ပြီး စီတာပူရပ်ကွက်အခြေခံပညာ အထက်တန်းကျောင်းအတွင်း ရေဝပ်လျက်ရှိသည့် ဘောလုံးကွင်းနေရာနှင့် မနောကွင်းရှေ့ ရေနှုတ် မြောင်းပိတ်ဆို့နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေနှုတ်မြောင်းတစ်လျှောက်ရှင်းလင်း ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများအားမှာကြားသည်။
ယင်းနောက် ခေမာသီရိရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်တို့အတွင်း ရပ်ကွက် နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့်အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းဆောင် ရွက်နေမှုတို့နှင့်ရေဝပ်သည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေဝပ်သည့် နေရာများတွင် အမြန်ဆုံးရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် ရေနှုတ်မြောင်းများကောင်းမွန်စွာ စီးဆင်း နိုင်ရေးစီမံဆောင်ရွက်ကြရန်နှင့် အဆိုပါ ရပ်ကွက်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Visitors: 22,168