မိုးညှင်းခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ရေလွှဲဆည်များ တည်ဆောက်ပြီးစီးမှုနှင့် ရေပေးဝေနိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး

မိုးညှင်း ဇူလိုင် ၈
မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သည့် ရေလွှဲဆည်များ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆည်ရေ ပေးနိုင်မှုအခြေအနေတို့ကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းသည် ဝန်ကြီးဌာနအောက် ရှိဦးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့နယ်၊ သဲကြီးကုန်းကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကွန်ကရစ်ကျောက်စီ အမျိုးအစား ခက်စကုတ်ရေလွှဲဆည် တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ထိုမှတစ် ဆင့်မိုးညှင်းမြို့၌ တည်ဆောက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ RC ၊ (၂) ထပ် မြို့နယ်ရုံး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် မိုးညှင်းမြို့နယ်၊ ဟိုပင်ဒေသ ရွာသစ်ကြီးကျေးရွာအတွင်း တောင်သူများနှင့် တွေ့ ဆုံပြီး တကွင်းရေလွဲဆည်မှ စိုက်ပျိုးရေပေးဝေမှုအခြေအနေနှင့် ဆည်ရေရရှိမှုလိုအပ်ချက်များ ပတ်သက် ၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ၌ ခဝမ်းချောင်းပေါ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း ၁၁၇.၅ ဖြင့် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်ကျောက်စီ အင်ကြင်းကုန်းရေလွှဲဆည် တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သိုက်ဝါးကုန်း ကျေးရွာ ငို့လိုင်ချောင်းပေါ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၃၅၀.၄၀ ဖြင့် ဆောက်လုပ်ပြီးစီးသည့် ကွန်ကရစ်ကျောက်စီ သိုက်ဝါးကုန်းရေလွှဲဆည် တည်ဆောက်ပြီးစီးမှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
 
Visitors: 22,168