တနိုင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်အား ဝန်ကြီးဌာနအသစ် ဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရေး ပြည်နယ်လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်

မြစ်ကြီးနား ဩဂုတ် ၁
တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား အသစ်တိုးချဲ့ဖွဲ့ စည်းခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ခန့်အပ်တာ ဝန်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၁၉) ပထမနေ့တွင် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ဝန်ကြီးဌာနအသစ် ဝန်ကြီးအဖြစ်ခန့်အပ်နိုင်ရေးအတွက် အမည်စာရင်းကို ၂၀၁၈ ခုနှစ်၊ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ၊ ပုဒ်မခွဲ (ခ)အရ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက အသစ်ဖွဲ့စည်းခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ဝန်ကြီးအဖြစ် တနိုင်း မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၏ အမည်ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရေးနှင့် ပတ်သက်၍ လွှတ်တော်၏ သဘောတူညီချက်ကို ရယူရာ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသဖြင့် တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအား ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးနိုင်ရေး သဘောတူကြောင်းဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန အသစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေး အတွက် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာပေးပို့မှုကို ဇွန် ၂၇ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေး (၂/၂၀၁၉)တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယနေ့ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၈ဦးတက်ရောက်ခဲ့ကြပြီး အစားထိုးတပ်မတော်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက လွှတ်တော်ဥက္ကဋ္ဌရှေ့ မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
Visitors: 22,168