ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဆင်ဘိုမြို့ရှိ ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း

ဆင်ဘို ဇူလိုင် ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့၌ ယမန်နေ့က အောင်မင်္ဂလာ ရပ်ကွက်၊ ဒိက္ခိဏရာမကျောင်းတွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့်ပြောင်းရွှေ့ခဲ့ရသည့် ရေဘေးသင့်အိမ်ထောင်စု(၅၇၆)စု၊ ကျား(၁၃၃၈) ဦး၊ မ(၁၃၃၆) ဦးတို့အား ထောက်ပံ့ ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ဝန်ကြီးဦးကျော်ကျော်ဝင်းက ဒိက္ခိဏရာမကျောင်းထိုင်ဆရာတော်ဥူးဝိဇယျ အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်အိမ်ထောင်စုများအား ကချင် ပြည်နယ်အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ် ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လေ့ရှိကြောင်း၊ ရေနစ်မြုပ်ခဲ့ရသည့် စပါး ခင်း၊ ပြောင်းခင်းဧကများအား သက်ဆိုင်ရာဌာနများသို့ စာရင်းပေးတင်ပြထားကြရန်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဆင်ဘို-မြစ်ကြီးနား ကားလမ်းဖောက်လုပ်ပေးနိုင်ရေး တင်ပြ ပေးမည် ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ် ချုပ်ရေးမှူးဦးသန်းဝင်းမှ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပျက်စီးသွားသည့် နေအိမ်အ ဆောက်အဦများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့၏ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်ဦးက ရေဘေး သင့်ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြ ရန်နှင့် ထောက်ပံပေးအပ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု (၅၇၆)စုအား ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လှူဒါန်း ထောက်ပံငွေနှင့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုး (၂၂၉)သိန်းကို ပေးအပ်ရာ မြို့အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းကျော်မှ လက်ခံရယူခဲ့ပြီး တက်ရောက်လာကြသည့် ရေဘေးသင့် ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ဖြေကြားခဲ့သည်။
Visitors: 18,833