ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့အတွင်း မြစ်ရေကြီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်

မြစ်ကြီးနား ဇူလိုင် ၁၃
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ် ရေမြင့်တက်လာပြီး ယမန်နေ့ညမှ စတင်၍ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအထက် သို့ရောက်ရှိခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် လူနေအိမ်များသို့ ရေများထပ်မံဝင်ရောက်ခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ ၁၄ အတွင်း လူ နေအိမ်ရေဝင်ရောက်နေမှုအခြေအနေနှင့် ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး မြို့သစ်ရပ် ကွက်အတွင်း မြစ်ရေများဝင်ရောက်နေမှုအခြေအနေနှင့် စီတာပူရပ်ကွက်အတွင်း ဒူဝါဇော်ရစ်လမ်းနှင့် မြစ်ကြီးနားတက္ကသိုလ်ရှေ့လမ်းပေါ်တွင် မြစ်ရေဝင်ရောက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ပေးရေး၊ နေထိုင်စား သောက်မှုအဆင်ပြေစေရေး၊ ရေကျချိန်တွင်ဖြစ်ပေါ်တတ်သောဖြစ်စဉ်များကို ကြိုတင်မျှော်မှန်း၍ စီမံ ဆောင်ရွက်ထားကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနား-ဝိုင်းမော်သွားလမ်းပေါ်တွင် နန့်မြစ် ခချောင်းမှတစ်ဆင့် မြစ်ရေဝင်ရောက်ကာ လမ်းရေကျော်မှုအခြေအနေနှင့် ဝိုင်းမော်မြို့ပေါ် ရပ်ကွက်များ အတွင်းရေဝင်ရောက်မှုကြောင့် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ရေဘေးသင့်ပြည်သူ များအား ယာယီစခန်းဖွင့်လှစ်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေ ဘေးသင့်မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားကာ မိသားစုများအတွက် ခေါက်ဆွဲခြောက် များနှင့် ရေသန့်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့တွင် မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်နှင့် တီယန်ဇွပ်ကျေးရွာ၊ ဟိုကပ်ကျေးရွာ၊ စံကင်းကျေးရွာတို့တွင် အိမ်ထောင်စု (၉၉၂)စု၊ လူဦးရေ (၄၇၂၈)ဦးတို့အား ဘာသာရေးကျောင်းများ၊ ဓမ္မာရုံများနှင့် အခြေခံပညာကျောင်းများ စသည်တို့တွင် ကယ်ဆယ်ရေးစခန်း ၁၉ ခုဖွင့်လှစ်၍ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ ဝိုင်းဝန်းထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရ သည်။
အလားတူ ဝိုင်းမော်မြို့တွင်လည်း အခြေခံပညာကျောင်းပေါင်း (၉)ကျောင်းပိတ်ထားခဲ့ရပြီး ဝိုင်းမော်မြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် အိမ်ခြေ ၅၅ အိမ်၊ အမှတ် ၃ ရပ်ကွက်၌ အိမ်ခြေ ၄၀ ၊ စန်းကား ကျေးရွာတွင် အိမ်ခြေ ၄ အိမ်နှင့် မန်ဒေါင် ကျေးရွာတွင် ၁၅ အိမ် ရေများဝင်ရောက်ခဲ့ပြီး နန့်မြင့်ခ တံတားအနီးအပါအဝင် မုဒ်လွဲကျေးရွာ၊ စန်းကားကျေးရွာတို့တွင် လမ်းနှင့်တံတားရေကျော်မှုများဖြစ်ပွား ခဲ့ကာ မုတ်လွဲရေရွာတွင် လယ်မြေ ၁၀ ဧက ရေကြီးနှစ်မြှုပ်သွားခဲ့ကြောင်းနှင့် မြစ်ကြီးများမြို့၌ ဧရာဝတီ မြစ်ရေသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁၂၂၉ စင်တီမီတာရှိနေရာမှ ၁၂၀၄ စင်တီမီတာသို့ အနည်းငယ်ကျဆင်းလာနေကြောင်း သိရှိရသည်။
Visitors: 18,834