ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၂
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်းနှင့် မြို့နယ်အချို့တွင် မိုးအဆက်မပြတ်သည်း ထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်နှင့် ပူတာအိုခရိုင်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် အခြေအနေများကို ယနေ့ နံနက် ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနား-နမ္မတီးသွားလမ်းပေါ်ရှိ နန်းကွေ့ချောင်းတံတား အနီးတွင် လမ်းရေကျော်မှုကြောင့် ခရီးသွားပြည်သူများဖြတ်သန်းသွားလာမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး ထိုမှတစ်ဆင့် ပမ္မတီးရေကြည်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုနေမှု အခြေအနေ၊ မြို့သစ်ကြီးရပ်ကွက်အတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် ဇီးလွန်ရပ်ကွက်အတွင်း ယနေ့ နံနက်ပိုင်း မြစ်ရေဝင်ရောက်မှုကြောင့် လယ်ကုန်းဗက်လင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ရပ်ကွက် အတွင်းရှိ ရေဘေးသင့်မိသားစုများ ရွေ့ပြောင်းနေထိုင်မှုတို့ကို ကြည်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ရေကြီးမှုဖြစ်စဉ်ကြောင့် ရေဘေးသင့်မိသားစုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးနှင့် ရေကျသွားသည့်အခါတွင် ဆောင်ရွက်ထားရမည့် ကိစ္စရပ် များနှင့်ပတ်သက်၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားရေး ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ကာကွယ် စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုနှစ်သည် ခါတိုင်းနှစ်များနှင့်မတူဘဲ ဧရာဝတီမြစ် အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ပြည်သူများရေဘေး သင့်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ယာယီစခန်းများ ဖွင့်လှစ်၍ ကာကွယ်စောင့်ရှောက်မှုပေးထား သော်လည်း ရေရှည်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဘေးသင့်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးတို့အတွက် ယာယီစခန်းသစ်များဖွင့်လှစ်၍ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်အတွက် စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင်လည်း ဖြစ်ပေါ်လာမည့်ကိစ္စရပ် များအတွက် ကြိုတင်အစီအမံများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် ပိုမိုကောင်းမွန်သည့် ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေးပူး ပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မြစ်ရေကြီးမှုဖြစ်စဉ်အတွက် ရေတား တာဘောင်၊ ရေထိန်းတမံများဖြင့် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများစနစ်တကျရေးဆွဲ၍ ဆောင်ရွက် ထားကြရန်လိုကြောင်းမှာကြားသည်။
ယင်းနောက် ပြည်နယ်သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနေဝင်းက ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကာကွယ်စောင့် ရှောက်မှုနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းကော်မတီအသီးသီးကပြည်နယ်အတွင်းရေကြီးရေလျှံမှုဖြစ်စဉ်အခြေအနေများနှင့်ကယ်ဆယ်ရေး လုပ်ငန်း၊ ယာယီစခန်းများဖွင့်လှစ်၍ အစားအသောက်များ ထောက်ပံ့ပေးနေမှုအခြေအနေနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကိုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများကကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီအသီးသီးနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း မြို့ပတ် တာရိုးလမ်းပေါ်၌ ဧရာဝတီမြစ်ရေဝင်ပေါက်နေရာတွင် မြစ်ရေဝင်ရောက်နေမှုအခြေအနေကို ကြည့်ရှုစစ် ဆေးခဲ့ပြီး မြေနိမ့်ရပ်ကွက်ပိုင်းနေသူပြည်သူများ အချိန်မီရွေ့ပြောင်းနိုင်ပေးရေး စီမံဆောင်ရွက်ထားကြ ရန် တာဝန်ရှိသူများအား မှာကြားသည်။
ကချင်ပြည်နယ်အတွင်း လက်ရှိအချိန်အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနား ခရိုင်အတွင်း မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် တီယန်ဇွပ်၊ စံကင်း၊ ဟိုကပ်၊ ဆင်ဘိုဒေသ တို့တွင် အိမ်ထောင်စုပေါင်း (၆၄၇)စု ရေဘေးသင့်လျက်ရှိပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော် မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် တနိုင်းမြို့တို့တွင် လည်းကောင်း၊ ပူတာအိုခရိုင်အတွင်း၌လည်း ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။
Visitors: 18,833