ပည်နယ်ဝန်ကြီးများနှင့် ကျေးလက်နေပြည်သူများတွေ့ဆုံ

ရွှေကူ ဇူလိုင် ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးဒိတ်(ခ)ဦးခင်မောင်မြင့်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းနှင့် ပြည်နယ်လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုတို့သည် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများနှင့် ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ကျောက်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက မိုးစပါးအထွက်တိုးရေး၊ ဒေသတွင်း လိုအပ်ချက်များကို တင်ပြရန်၊ တိုင်းရင်းသားများ၏ တန်းတူညီမျှ အခွင့်အရေးများ ရရှိရေးနှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေတို့ကို ရှင်းလင်းပြောကြားပြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက ပြည်သူတို့၏အသံကို နားထောင်ရန် လာရောက်ရခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်အနေဖြင့် ဒေသန္တရဥပဒေ (၆၂)ခု ထုတ်ပြန်ပြီးဖြစ်ကြောင်းနှင့် ဥပဒေရေးရာတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက ပညာရေး၊ ကျန်းမာရေး၊ ခရိုင်ချင်းဆက်လမ်းများ ဖောက်လုပ်ပေးရေးနှင့် လယ်ယာမြေပုံစံ(၇) ရရှိရေး စသည့် ဒေသ၏လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေစာအုပ်များ၊ လွှတ်တော်ဥပဒေပေါင်းချုပ် စာအုပ်များကို တက်ရောက်လာသူများအား ဖြန်ဝေပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် မွန်းလွှဲ ၂ နာရီတွင် မြို့ကုန်းကျေးရွာအုပ်စု၊ စီသော်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ဆောင်ရွက်ထားမှု အခြေအနေတို့ကို ထည့်သွင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
Visitors: 21,133