မြစ်ကြီးနားမြို့ မြို့ပေါ် ၃ ရပ်ကွက်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်အချို့ရှိ မိသားစုများအား ရွှေ့ပြောင်းပေးလျက်ရှိ

မြစ်ကြီးနား ဇူလိုင် ၁၀
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာခဲ့ပြီး မြစ်ကြီးနားမြို့အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မြို့သစ်ကြီး၊ ကြက်ပေါင်ခြံနှင့် လယ်ကုန်းရပ် ကွက်အတွင်း လူနေအိမ်အချို့၌ ယနေ့ နံနက်ပိုင်းမှ စတင်၍ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် မိသားစုများ အား ပြောင်းရွှေ့ထားရကြောင်း သိရှိရသည်။
အဆိုပါ မြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်မိသားစုများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့သစ်ကြီးရပ်ကွက်အတွင်း အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၅၈ ဦးတို့အားအောင်ဇေရန်အောင် ဘုန်းတော်ကြီးကျောင်းရှိ အောင်မင်္ဂလာဓမ္မာရုံ၌လည်းကောင်း၊ ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်ထောင်စု ၂၂ စု၊ လူဦးရေ ၁၁၉ ဦးတို့အား ပြည်ခိုင်ဖြိုးရုံး၌ လည်းကောင်း၊ လယ်ကုန်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၂၂ စု၊ လူဦးရေ ၁၀၈ ဦးတို့အား မြစေတီဘုန်းကြီးကျောင်း၌ လည်းကောင်း ခေတ္တပြောင်းရွှေ့နေရာ ချထားပေးပြီး ထမင်းနှင့် ရေသန့်ဗူးများ ထောက်ပံ့ပေးထားကြောင်း သိရှိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန် တိုင်းထွာချက်အရ ၁၁၀၆ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်ထပ် ၂၄ နာရီအတွင်း ၂၁၈ စင်တီမီတာ ထပ်မံမြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ကြေညာ ထားပြီး ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့နှင့် ရွှေကူမြို့၌ နောက် ၂ ရက် အတွင်းနှင့် ဗန်းမော်မြို့၌ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ အသီးသီးရောက်ရှိနိုင်ကြောင်းနှင့် အဆိုပါ မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်သူများအား သတိပြုနေထိုင် ကြရန် အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။
Visitors: 17,770