ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

မြစ်ကြီးနား ဇူလိုင် ၅
ကချင်ပြည်နယ်အစိုးရအဖွဲ့၏တတိယ(၁)နှစ်တာကာလအတွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ပြည်နယ်နှင့် ပြည်ပအခြေစိုက် သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်း ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်သော ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သတင်းမီဒီယာအသီးသီးမှ သတင်းထောက်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာကာလ အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ပြည်သူသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်သည့်နေရာတွင် သတင်းမီဒီယာသည် အင်မတန်အရေးကြီးကြောင်း၊ မိမိတို့အစိုး ရအဖွဲ့အနေဖြင့်သတင်းမီဒီယာသမားများကိုအားကိုးပါကြောင်း၊ သတင်းမီဒီယာအားလုံးက ပြည်နယ် အကျိုးအတွက် ပြည်နယ်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးစသည့်ကိစ္စရပ်များတွင် အားလုံးကပူးပေါင်းပါဝင်ကြရန် လိုကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်နိုင်ခဲ့သည့် လမ်းတံတားနှင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းစသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းအသိပေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နယ်မြေခံသတင်းမီဒီယာသမားများနှင့် ပြည်ပအခြေစိုက် သတင်းမီဒီယာသမားများက ဖားကန့်-ကာမိုင်းလမ်းနှင့်သက်ဆိုင်သည့်ကိစ္စ၊ နန်ကျင်စီးပွားရေးဖွံ့ဖြိုးရေး ဇုန်အကောင်အထည်ဖော်မှုအခြေအနေများ၊ တစ်ရှုးငှက်ပျောစိုက်ပျိုးမှုနှင့် ပတ်သက်၍ တရားဝင်ခွင့် ပြုထားမှုနှင့် စိုက်ခင်းဧကအခြေအနေ၊ လိုင်စင်မဲ့တရားမဝင်မော်တော်ယာဉ်များကိစ္စ၊ မြစ်ဆုံစီမံကိန်း အခြေအနေ၊တရုတ်နိုင်ငံသားများတရားမဝင် ဝင်ရောက်သည့်ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးအတွက် စီမံဆောင်ရွက်မှုအခြေအနေ၊ လူကုန်ကူးခံရမှုအခြေအနေနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု၊ အလုပ်အကိုင် ရရှိရေးဖန်တီးပေးနိုင်မှု၊ IDP ကိစ္စရပ်များ၊ ဖားကန့်ကျောက်မျက်လုပ်ကွက်များရပ်ဆိုင်းထားမှုအခြေ အနေတို့နှင့် ပတ်သက်၍ မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သတင်း ထောက်များ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ်နှင့် ပြည်ပအခြေစိုက် သတင်းမီဒီယာများဖြစ်သည့် RFA ၊ BBC ၊ Eleven ၊ DVB ၊ MNTV၊ မြစ်ကြီးနားသတင်းဂျာနယ်၊ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ယက်၊ မလိခသတင်းမီဒီယာ၊ မြဝတီ၊ ကချင်တိုင်း၊ Kachin News ၊ Kachin Wave ၊ ဟင်္သာသတင်းဌာနတို့မှ သတင်းထောက်များ တက်ရောက်ကြခဲ့ကြသည်။
Visitors: 17,771