နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို ဘဏ္ဍာရေး၊ တင်ဒါစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဘတ်ဂျက်နှစ်အတွင်း ပြီးစီးရေး တာဝန်ခံမှုဖြင့် ဆောင်ရွက်ရမည်

မြစ်ကြီးနား ဇွန် ၁၉
နိုင်ငံတော်ဘတ်ဂျက်ဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ဘတ်ဂျက်နှစ်အတွင်း ပြီးစီးရေး ပြည်နယ်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာအားလုံးက အဆင့်အလိုက် တာဝန်ခံမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မှာကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံတော်ဘဏ္ဍာငွေ များကို ပြည်သူတွေအတွက် လက်ငင်းအကျိုးပြုမည့် လျှပ်စစ်မီးလင်းရေး၊ လမ်းတံတားလုပ်ငန်းများတွင် သုံးစွဲဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် သုံးစွဲရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ခဲ့ပါကြောင်း၊မိမိတို့အနေဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်များတွင် အားနည်းချက်များစွာရှိခဲ့ပါကြောင်း၊ ယင်းအားနည်းချက်များကို ဝိုင်းဝန်းဖြေရှင်းနိုင်ရန်အတွက် အားလုံးက တာဝန်ခံမှုရှိရမှာဖြစ်ကြောင်း၊ တာဝန်ခံသည်ဟု ဆိုရာတွင် မိမိမှစ၍ ဝန်ကြီးအားလုံးနှင့် ဌာနဆိုင်ရာအားလုံးက အဆင့်အလိုက် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် မိမိတို့၏ ကျရာအပိုင်းကို တာဝန်ကျေကျေနဲ့ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက် မှသာလျင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အဆင့်အလိုက် တာဝန်ကျေ အောင်အလုပ်လုပ်ဖို့သည် အရေးကြီးပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ယခုဆိုလျင် နိုင်ငံတော်က ဘတ်ဂျက်များစွာ ထပ်မံဖြည်းဆည်းထောက်ပံ့ပေးပြီး ပြည်သူတွေအတွက် တိုက်ရိုက်လက်ငင်းအကျိုးပြုမည့် လုပ်ငန်းများကို အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဘတ်ဂျက်နှစ်အတွင်း ပြီးစီးရန်လိုအပ်ကြောင်း၊ ယခု နှစ်အတွက် ဆောင်ရွက်ဆဲလုပ်ငန်းများကို လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းနှင့်အတူ လအလိုက်ပြန်လည်တင်ပြ ကြရန်လိုအပ်ကြောင်း၊သို့မှသာ လုပ်ငန်းတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့်ဘတ်ဂျက်နှစ်အလိုက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ကြမှာဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ဆဲလုပ် ငန်းများ၊ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြကြရာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လုပ်ငန်းများ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
Visitors: 17,771