ကျောင်းရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရေသန့်ရှင်းရေးတို့အတွက် Wash in School (သန့်ရှင်းကြယ်) စီမံကိန်းလုပ်ငန်း ပြည်နယ်အဆင့် ဆရာအဖြစ်သင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဇွန် ၁၇
၂၀၁၉-၂၀၂၀ ခုနှစ် ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရေသန့်ရှင်းရေး(သန့်ရှင်းကြယ်ချဉ်းကပ်နည်း) Wash in School စီမံကိန်း ပြည်နယ်အဆင့် ဆရာအဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ Cartel Hotel ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်းက ယနေ့ကချင်ပြည်နယ်အတွင်းအကောင် အထည်ဖော်ဆောင်ရွက်နေသည့် Wash in School စီမံကိန်းလုပ်ငန်းသည် နိုင်ငံတော်က ချမှတ်သည့် စဉ် ဆက်မပြတ် တိုးတက်ရေးပန်းတိုင်နှင့် ချိတ်ဆက်ပတ်သက်နေပါကြောင်း၊ ကျောင်းများတွင် ရေကောင်း ရေသန့်ရရှိရေး၊တကိုယ်ရေသန့်ရှင်းရေးနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းတွေကို စနစ် တကျအရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် ကလေးများ၏ ကျန်းမာရေးကို စောင့်ရှောက်ပြီးသားဖြစ်သည့်အပြင် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်ပိုင်ရှင်များကို မွေးထုတ်ပေးနိုင်သော အခြေအနေကို ဖန်တီးပေးနေပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ပညာရေးဝန်ကြီးဌာနနှင့် UNICEF မြန်မာ တို့ ပူးပေါင်း၍ ကနဦးစီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့မှုနှင့် ပြည်နယ်အဆင့် စီမံကိန်းလုပ်ငန်း များ ကို ရှင်းလင်းပြောကြားပြီး UNICEF မြန်မာ၊ ကချင်ပြည်နယ်မှ ရေနှင့်သန့်ရှင်းရေးဆိုင်ရာကျွမ်းကျင် ပညာရှင် ဦးအေးဝင်းက စီမံကိန်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နည်းပညာနှင့် အထောက်အပံ့များ ပံ့ပိုးကူညီပေးနိုင်မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် မဟာဗျူဟာလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
သင်တန်းကို ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ စီမံကိန်း ဆိုင်ရာလုပ်ငန်းများ လေ့လာရန်လာရောက်ကြသည့် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ပညာရေးဝန်ထမ်း များအား ဇွန် ၁၇ ရက်မှ ၂၁ ရက်ထိ ၅ ရက်ကြာ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ကျောင်းများ တွင်ရှိသော Wash အခြေအနေနှင့် အတားအဆီးများကို လေ့လာစမ်းစစ်ခြင်း၊ သန့်ရှင်းသော သောက်သုံး ရေနှင့် ရေသန့်စင်ခြင်းနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာများ၊ တစ် ကိုယ်ရေ သန့်ရှင်းရေးပညာပေးခြင်းနှင့်အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာများကိုပညာရေးဌာနနှင့် စီမံကိန်းလုပ်ငန်း တွင် ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ရှင်းလင်းဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းကို ကချင်ပြည်နယ်အတွင်း ၂၀၁၄-၂၀၁၅ ခုနှစ်မှ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့် မြို့နယ်တို့တွင် NGO အဖွဲ့အစည်းများနှင့်ချိတ်ဆက် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ မိုးညှင်းမြို့နယ် ဟိုပင်မြို့ရှိ အခြေခံပညာကျောင်း ပေါင်း (၄၄)တွင် ဆောင်ရွက်ခဲ့ရာ ကြယ်နှစ်ပွင့်ရကျောင်းပေါင်း (၂၂)ကျောင်းနှင့် ကြယ်တစ်ပွင့်ရကျောင်း (၁၉)ကျောင်းရှိခဲ့ကြောင်းနှင့် ယခုနှစ်အတွက် မိုးညှင်းမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၀၇)ကျောင်း၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျောင်း(၄) ကျောင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျောင်း(၁၅) ကျောင်းတို့တွင် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 17,771