ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္ဇမနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား ဇွန် ၇
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္ဇမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆော့လော်မြို့နယ်၊ ဟန်းကော ကျေးရွာအုပ်စု ဒေါင်းကူးကျေးရွာနှင့် ချောင်းမိုးကျေးရွာကြားရှိ တစ်မိုင်ခန့်အား လူသွားလမ်းမှ ကား လမ်းအဖြစ် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ဆွမ်ပရာဘွမ်မြို့သည် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့သွားရာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသော မြို့ဖြစ်ရာ မြို့တွင်းလမ်းသည် ကျဉ်းမြောင်းနေပါသဖြင့် ဖြတ်သန်းသွားလာနေသော ယာဉ်ကြီး၊ ယာဉ်ငယ်အန္တရာယ် များစွာစိုးရိမ်နေကြရပါသဖြင့် မြို့တွင်းလမ်းတိုးချဲ့ခြင်းလုပ်ငန်း လုပ်ဆောင်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းတို့ကို မေးမြန်းကြရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်ပြီး ဗန်းမော်မြို့နယ်ကားကြီးကွင်းဖြစ်မြောက်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်လာသည်မှာ အခက်အခဲအမျိုးမျိုးနှင့် မြေယာပြဿနာများ ဖြေရှင်းပြီးစီးခဲ့သော်လည်း ယနေ့ (၃)နှစ်ကျော်ကာလအထိ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကတိကဝတ်ပေးထားသည့်အတိုင်း အကောင်အထည်ပေါ်လာခြင်းမရှိ၍ မည်သည့်အချိန် ကာလ၊ မည်သည့်ခုနှစ်တွင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါသည် မေးခွန်းနှင့် ပြည်နယ်အတွင်းစားသုံး သူများအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန် ဈေးကွက်တွင် ရောက်ရှိနေသော ဆေးဝါးနှင့်စားသောက် ကုန်များအား ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးအရေးယူခြင်းအား သက်ဆိုင်ရာပြည်နယ်ဝန်ကြီးဌာနများက မည်ကဲ့သို့ စီမံဆောင်ရွက်ထားကြောင်းနှင့် မြို့နယ်အလိုက် ဆောင်ရွက်ထားမှု (သို့မဟုတ်)ဆောင်ရွက်ရန် အစီအမံရှိပါကလည်း သိရှိလိုကြောင်း မေးခွန်းများအပါ အဝင် မေးခွန်း (၁၅)ခုကို မေးမြန်းကြရာ စည်ပင်သာယာရေးဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့က ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေး တတိယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သော “၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းလျာထားချက်” နှင့် “၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” တို့ကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်လိုက်ကာ အစည်း အဝေး ပဉ္ဇမနေ့ကို ရပ်နားလိုက်သည်။
 
Visitors: 21,874