မြစ်ကြီးနားမြို့၌ ၂၀၁၉ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇွန် ၅
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထန်းသိမ်းရေးနေ့ အထိမ်းအမှတ် Beat Air Pollution “သန့်စင်သောလေရှုရှိုက်ဖို့ လေထုညစ်ညမ်းမှုတိုက်ဖျက်စို့” ဆောင်ပုဒ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် ဆုရရှိသူ များအား ဂုဏ်ပြုဆုများပေးအပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြည်သူလူထုအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ လေထုညစ်ညမ်းမှုကိုဖြစ်ပွားစေသည့် ပစ္စည်းများကို လျော့ချသုံးစွဲခြင်း၊ လျှပ်စစ် ဓာတ်အားများကို ချွေတာသုံးစွဲခြင်း၊ အများသုံးယာဉ် သို့မဟုတ် စုပေါင်းယာဉ်များဖြင့် သွားလာခြင်း၊ စွမ်း အင်ချွေတာသော ပစ္စည်းများကို ရွေးချယ်သုံးစွဲခြင်းများ ပြုလုပ်ကြရန်လိုကြောင်း၊ မိမိတို့မှီခိုနေရသည့် ကမ္ဘာကြီးမပျက်စီးအောင် ထိန်းသိမ်းဖို့ မိမိတို့အားလုံးတွင် တာဝန်ရှိကြောင်း၊ ထိန်းသိမ်းရာတွင် ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်အသုံးပြုခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အစိမ်းရောင်စီးပွားရေးပုံစံသို့ အသွင် ပြောင်းလဲဆောင်ရွက်ရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်အောင်မိုး က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် ၂၀၁၉ ခုနှစ်တွင် သတ်မှတ်ထားသောဆောင်ပုဒ် နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆောင်ပုဒ်ဖြစ်သော Beat Air Pollution နှင့်ပတ်သက်သော ဗီဒီယိုဖိုင် နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ် သဝဏ်လွှာဗီဒီယိုဖိုင်အား ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဒါရှီလဆိုင်းတို့ကအထိမ်းအမှတ်နေ့ အကြို အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူသည့် ကျောင်း သား/သူများအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြပြီး ပြည်နယ်ဦးစီးမှူးက အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒအား ထုတ်ပြန်ပြီးစီးကြောင်း အသိပေးတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO၊ INGO အဖွဲ့အစည်း များနှင့် အခမ်းအနားတက်ရောက်လာသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 21,880