ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲ စခန်းပိတ်သိမ်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပ

မြစ်ကြီးနား ဇွန် ၂
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၉ ခုနှစ် ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲကို မေ ၂၇ ရက်မှ စတင်ပြီး မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စခန်းဖွင့်လှစ်၍ ကျင်းပပြုလုပ်ခဲ့ရာ ဇွန် ၁ ရက် ညနေ ၄ နာရီခွဲတွင် စခန်းပိတ်သိမ်းပွဲကို မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းခန်းမဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
စခန်းပိတ်သိမ်းပွဲတွင် ထူးချွန်ကြက်ခြေနီလူငယ်မောင်/မယ်များက စစ်ကြောင်းပုံဖြင့် ချီတက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည် နယ်ကြက်ခြေနီအသင်းတာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ဥက္ကဋ္ဌက အမှာ စကားပြောကြားရာ ထူးချွန်ကြက်ခြေနီလူငယ်များက စစ်ကြောင်းပုံဖြင့် ဥက္ကဋ္ဌအား ချီတက်အလေးပြု ခဲ့ကြသည်။ထို့နောက် ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဂုဏ်ပြုညစာစားပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက် အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ ထူးချွန်ကြက်ခြေနီတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ဂုဏ်ပြုညစာကို ထူးချွန်ကြက်ခြေနီလူငယ်များက ဒေသအလိုက်ရိုးရာအကအလှများ၊ တေးသီရှင်များသီဆိုဖျော်ဖြေမှုများဖြင့် ဖျော်ဖြေတင်ဆက်မှုဖြင့် ထူးချွန်ကြက်ခြေနီလူငယ်များ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက ဂုဏ်ပြုညစာ ကို အတူတကွသုံးဆောင်ခဲ့ကြပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့ မနောကွင်းငယ်အတွင်း မနောအကကို အတူတကွရင်းနှီးပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
အဆိုပါ ထူးချွန်ကြက်ခြေနီများတွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ခေါင်း ဆောင်များဖြစ်သော ထူးချွန်ကြက်ခြေနီ (၁၁၁)ဦးနှင့် တက္ကသိုလ်/ကောလိပ်ကြက်ခြေနီအသင်းခွဲများမှ (၂၅)ဦး စုစုပေါင်း (၁၃၆)ဦးတို့အား ထူးချွန်ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီး ပြည်နယ် အတွင်း လေ့လာရေးခရီးစဉ်အဖြစ် အင်းတော်ကြီးရွှေမဥ္ဇူဘုရား၊ မြစ်ဆုံတို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
Visitors: 16,809