ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပြီး ရပ်ကွက်ချင်းဆက်လမ်းများ ခင်းကျင်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန် ၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်နှင့် တပ်ကုန်း(စံပြ)ရပ်ကွက်နေ ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းတိုးချဲ့ ဆောင်ရွက်နေမှုနှင့် ရပ်ကွက်ချင်းဆက်လမ်းများ ခင်းကျင်းပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ဒူကထောင်ရပ်ကွက်အတွင်းရှိ ရပ်ကွက် နေပြည်သူများနှင့်တွေ့ဆုံပြီး အစိုးရအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ဘတ်ဂျက်နှစ်အလိုက် စီမံကိန်းလုပ်ငန်းများချမှတ်ပြီး ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေများဖြင့် ခွဲဝေဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သလောက် ပြည်သူများအပေါ် ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ရပ်ကွက်နေပြည်သူများ၏ တောင်းဆိုချက်အရ ပျော်လင့် လမ်း ၁၁၅၀ ပေကို ကတ္တရာခင်းကျင်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တပ်ကုန်း(စံပြ)ရပ်ကွက်၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ သိက္ခာတော်ရ ဆရာတော်၊ အသင်းသား/သူများနှင့် တွေ့ဆုံပြီး အသင်းတော်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ဆုတောင်းမေတ္တာပို့သမှုကို ခံယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ယုဇနရပ်ကွက် အတွင်း လမ်းလယ်ကျွန်းနှင့် လမ်းမကြီးဘေးဝဲ/ယာ လမ်းသားတိုးချဲ့ဆောင်ရွက်နေသည့်အခြေအနေနှင့် မြို့သစ်ကြီးရပ်ကွက်အတွင်း မြစ်ကြီးနားလေဆိပ်မှ မြို့သစ်ကြီးဈေးထိပ်အထိ လမ်းတိုးချဲ့ဆောင်ရွက်နေ မှုကို ကွင်းဆင်းစစ်ဆေးပြီး ထိုမှတစ်ဆင့် ရှမ်းရွာမှ အေးမြသာယာရပ်ကွက်ချင်းဆက်လမ်း ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် အေးမြသာယာ-ဂျာမိုင်ကောင်း- မြေမြင့်ရပ်ကွက်ချင်းဆက်လမ်း ၆၆၆၀ ပေအား ကတ္တရာခင်းကျင်းဆောင်ရွက်နိုင်ရေးအတွက် ရပ်မိ/ရပ်ဖများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေး ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်တွင်း လမ်းများတိုးချဲ့ဆောင်ရွက်ရာတွင် စနစ်တကျ ကွင်းဆင်းတိုင်း တာစစ်ဆေး၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
Visitors: 16,809