ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသော ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

မြစ်ကြီးနား မေ ၂၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ၂၀၁၉ ခုနှစ်၊ ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲ ကို ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မေ ၂၇ ရက်မှ ဇွန်လ ၁ ရက်အထိ စခန်းဖွင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က နိုင်ငံအတွက် မွန်မြတ်သည့် စိတ် ထားရှိပြီးဖြစ်သော ထူးချွန်ကြက်ခြေနီများကို နောင်အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာစေရန် အခွင့် အလမ်းပေးသည့် အစီအစဉ်ကောင်းတစ်ခုဖြစ်ပါကြောင်း၊ ယခင်သမိုင်းအစဉ်အဆက်ကတည်းက လူမှု ဂရုဏာလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် လန်းဆန်းတက်ကြွပြီး စိတ်အား ထက်သန်စွာကူညီဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတို့၏ အစဉ်အလာကို ယနေ့ ကြက်ခြေနီ လူငယ်များ အနေဖြင့်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့်ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း အားပေးတိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသာလှရွှေ က ဂုဏ်ပြုအမှာစကားပြောကြားကာ ထူးချွန်ကြက်ခြေနီလူငယ်မောင်/မယ်များနှင့် အမှတ်တရမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ထူးချွန်ကြက်ခြေနီလူငယ်များအား ထူးချွန်ဆုတံဆိပ်နှင့်ဂုဏ်ပြုလက်မှတ်များပေးအပ် ပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူက အမှာ စကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ်ခေါင်းဆောင်များဖြစ်သော ထူးချွန်ကြက်ခြေနီ (၁၁၁)ဦးနှင့် တက္ကသိုလ်/ကောလိပ်ကြက်ခြေနီအသင်းခွဲများမှ (၂၅)ဦး စုစုပေါင်း (၁၃၆)ဦးတို့အား အသင်း ဥက္ကဋ္ဌပါမောက္ခဒေါက်တာမြသူ၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ထူးချွန် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ထူးချွန်ကြက်ခြေနီတွေ့ဆုံပွဲ မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စခန်းဖွင့်လှစ်၍ မိတ်ဆက် တွေ့ဆုံဆွေးနွေးပွဲများအပြင် လေ့လာရေးခရီးစဉ်အဖြစ် အင်းတော်ကြီး၊ ယဉ်ကျေးမှုပြတိုက်နှင့် ဝိုင်းမော် မြို့ နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်၍ လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် ဇွန် ၁ တွင် ပိတ်ပွဲအခမ်းအနားကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Visitors: 18,958