ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဒေသသင်ရိုးညွှန်းတမ်းများ ချပြဆွေးနွေးပွဲများသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မြစ်ကြီးနား မေ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်စဉ်မပျက်ကျင်းပသော ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်း ပသည်။
ညောင်ရေသွန်းပွဲတော်ကို နမောသတ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ် ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များ၊ သူနာပြုသားဖွားနှင့် ပညာရေးကောလိပ်တို့မှ သင်တန်းသား/သူများ နှင့် ပြည်သူများက စုပေါင်း၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပေးကြပြီး အခမ်းအနား ကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ဒေသသင်ရိုးညွှန်းတမ်းများချပြဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာ စကားပြောကြာရာတွင် ကချင်ပြည်နယ်ဒေသသင်ရိုးနှင့် ကချင်မျိုးနွယ် (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးတို့၏ တိုင်းရင်းသားစာပေသင်ရိုးများရေးဆွဲရာတွင် ပါဝင်သောတာဝန်ရှိသူများနှင့် ကူညီပံ့ပိုးပေးသော UNICEF အဖွဲ့တို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို ဒေသသင်ရိုးနှင့် တိုင်းရင်းသားဘာသာစကားသင်ကြား ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးစားပေးကြရန် လိုအပ်ပါကြောင်း တိုက် တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူးဒေါ်ခင်သန်းနွဲ့က ဒေသသင်ရိုးနှင့် တိုင်းရင်းသားဘာသာစာပေ သင်ရိုးများရေးဆွဲထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး UNICEF မြန်မာမှ ကချင်ပြည်နယ် တာဝန်ခံက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကူညီထောက်ပံ့မှုအခြေအနေတို့ကို တင်ပြဆွေးနွေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက ခန်းမအတွင်းပြသထားသည့် ကချင် မျိုးနွယ်စု (၆)မျိုးနှင့် ရှမ်းမျိုးနွယ်စု (၅)မျိုးတို့၏ ဘာသာစကားသင်ရိုးညွှန်းတမ်းစာအုပ်များနှင့် ဒေသသင် ရိုးညွှန်းတမ်းစာအုပ်ပြခန်းများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း ဒူကထောင်ရပ်ကွက်နှင့် ရန်ကြီးအောင်ရပ်ကွက်ချင်းဆက်လမ်းအား ကတ္တရာခင်းကျင်းနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး စံပြလမ်းပေါ်ရှိ သစ်သားတံတားကို ပြန်လည်ပြုပြင်ဆောက်လုပ်ပေးနိုင်ရေး၊ မြို့မဈေး(၁)နှင့် (၂)ကြားတွင် ဆိုင်ကယ်ရပ်နားရန်နေရာ ပြုလုပ်နိုင်ရေးလျာထားဆောင်ရွက်မည့် အခြေအနေတို့နှင့် ကြက်ပေါင်ခြံ ရပ်ကွက်တွင်း လမ်းဖြစ်သည့် ကန်တော်ယန်ရာမလမ်း ပေ ၅၂၀၀ ကို ကတ္တရာလမ်းအဖြစ် ခင်းကျင်းပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Visitors: 21,874