ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင်စေရန် လက်မှုထုတ်ကုန်ပစ္စည်းများပြသပွဲကျင်းပ

မြစ်ကြီးနား မေ ၁၇
ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းအသီးသီးမှ မိသားစုများ၏ ရေရှည်တည်တံ့သော အသက် မွေးဝမ်းကျောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင်စေရန်အတွက် ကိုယ်ထူကိုယ်ထစီးပွားရေး လုပ်ငန်းများအား ပံ့ပိုးခြင်းအစီအစဉ်တစ်ခုအဖြစ် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း(DRC/DRG)တို့ ပူးပေါင်း၍ ၎င်းတို့၏ လက်မှုထုတ်ကုန်ပစ္စည်းများဈေးကွက် ပြပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျယ်ခန်းမ၌ ပြုလုပ်ကြသည်။
ဈေးကွက်ပြပွဲတွင် ပြည်နယ်အစိုးရဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက အမှာစကားပြောကြားပြီး ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း ကချင်ပြည်နယ်တာဝန်ခံ Mr.Julio က လက်မှုထုတ်ကုန်ဈေးကွက်ပြပွဲ ပြုလုပ်ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ မိသားစုဝင်များအား ကူညီထောက်ပံ့ပေးခဲ့ပြီး ထုတ်လုပ်ခဲ့သည့် လက်မှုထုတ်ကုန်ပစ္စည်းများကို ဈေးကွက် ရရှိရေး မိတ်ဆက်ပြသပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဆိုပါ ဒိန်းမတ်လူမှုရေးအဖွဲ့အစည်း၏ ပံ့ပိုးငွေများဖြင့် ယက်ကန်းလုပ်ငန်းလုပ်ကိုင် နေသူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားလဝါန်စစ်ရှောင်စခန်းတွင်နေထိုင်သော ဒေါ်ခေါန်ဆိုင်းနှင့် မလိယန်စစ် ရှောင်စခန်းတွင် နေထိုင်၍ ပယင်းကုန်ချောထုတ်လုပ်ငန်းလုပ်ကိုင်နေသူ ဦးဇဂရုန်းတို့က အဖွဲ့အစည်း ကူညီမှုဖြင့် မိသားစုစားဝတ်နေရေးအတွက် လက်မှုထုတ်ကုန်ပစ္စည်းများထုတ်လုပ်ပြီး မိသားစုဘဝတိုး တက်လာမှုအခြေအနေတို့ကို ပြောပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးဒေါ်လှကေသီမာနှင့် ဒိန်းမတ်လူမှုအဖွဲ့အစည်း ကချင်ပြည်နယ်တာဝန်ခံ Mr.Julio တို့က လက်မှု ထုတ်ကုန်ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ်(၂၈)မြို့နယ်ရှိ IDPs စခန်း (၂၈)ခုမှ မိသားစု(၆၇)စု တို့၏ လက်မှုထုတ်ကုန်ပစ္စည်းများဖြစ်သည့် ကြိမ်ထည်ပစ္စည်း၊ ဝါးလက်မှုပစ္စည်းများ၊ ယက်ကန်းထည် များ၊ ပယင်းလက်ဝတ်ရတနာနှင့် ပယင်းထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်ပစ္စည်းများ ပြသထားရှိမှုတို့ကို တက်ရောက်လာသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 16,808