မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ကချင်ပြည်နယ်)၏ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် မသန်စွမ်းသုံးအထောက်အကူပြုပစ္စည်းများ ပေးအပ်

မြစ်ကြီးနား မေ ၁၀
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း(ကချင်ပြည်နယ်)၏(၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် မသန်စွမ်းသုံး အထောက်အကူပြုပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကိုယ်အင်္ဂါမသန်စွမ်းသူ များအတွက် ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခွင့်၊ ပုဂ္ဂလိကလွတ် လပ်ခွင့်၊ တရားမျှတမှုရရှိခွင့်တို့အပြင် အမှီအခိုကင်းစွာနေနိုင်ရေးနှင့် လူမှုဘဝတွင် ပူးပေါင်းပါဝင်ခွင့်တွေ ကိုလည်း နိုင်ငံတော်၏ ဥပဒေပြဋ္ဌာန်းထားချက်များနှင့်အညီ သက်ဆိုင်ရာဌာနများအနေဖြင့် ကူညီလုပ် ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ထိုအပြင် မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံလေ့ရှိသော ထုံးတမ်းဓလေ့များအား အဆုံးသတ်စေရန်အတွက်တိုးတက်မှန်ကန်သောအတွေးအမြင်များအား လိုက်နာ ကျင့်သုံး၍ စည်းရုံး လှုံ့ဆော်သွားကြရန်နှင့် ၎င်းတို့၏ လူမှုဘဝကို မြှင့်တင်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းချုပ် (ရန်ကုန်) ဥက္ကဋ္ဌ ဦးမြတ်ဦးက နှုတ်ခွန်းဆက်စကားနှင့် ကချင်ပြည်နယ်အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်မိတ်ဆက်ပေးသည်။
ထို့နောက် မသန်စွမ်းသုံးအထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဖားကန့်ရုံးခွဲအတွက် ပေးအပ်သည့် ဝှီးချဲ (၂)စီးကို ပေးအပ် ပြီး အလှူရှင်ဦးအောင်ထွန်းလင်းက အလှူရှင်များကိုယ်စား ဂျိုင်းထောက်(၁၂)စုံကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်နယ်အသင်းအတွက် အလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၁၀ သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ၁ သိန်း၊ မသန်စွမ်းသူများအသင်းချုပ်မှ ပညာသင် စရိတ်အဖြစ် ၅ သိန်းနှင့် အလှူရှင်များစုပေါင်း၍ ငွေကျပ် ၁၀ သိန်းတို့ကို အသီးသီးပေးအပ်ခဲ့ကြပြီး အသင်းချုပ်ဥက္ကဋ္ဌမှ ကချင်ပြည်နယ်အသင်းအတွက် စွမ်းဆောင်ရည်ဂုဏ်ပြုဆုကို ပေးအပ်ရာ ပြည်နယ် အသင်းခွဲဥက္ကဋ္ဌ ဦးဂျီဆုန်းဆောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် သံစဉ်ပန်းမသန်စွမ်းသူအနုပညာလှုပ်ရှားမှုအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော် ဖြေခဲ့ကြသည်။
Visitors: 21,133