တနိုင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြစ်ကြီးနား မေ ၅
ကချင်ပြည်နယ်အတွင်း ဧပြီလအတွင်းဖြစ်ပွားခဲ့သော လေပြင်းတိုက်ခဲ့မှုကြောင့် မိုင်းခွန်ကျေးရွာ အုပ်စု မိုင်းခွန်ကျေးရွာနေ ပြည်သူများလေဘေးသင့်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး နှင့် တာဝန်ရှိသူများက မေ ၄ ရက် မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ အဆိုပါ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ လေဘေးသင့်ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်း က ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မိုင်းခွန်ကျေးရွာနေ လေဘေးသင့်အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၄၆ ဦးတို့အတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် တစ်အိမ် ထောင်လျင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၅၀၀၀၀၀၊ တစ်ပတ်စာဆန်ရိက္ခာဖိုးငွေကျပ် တစ်ဦးလျင် ၂၁၀၀ နှုန်းဖြင့် လူဦးရေ ၁၄၆ ဦးအတွက် ငွေကျပ် ၃၀၆၆၀၀၊ အိမ်ထောင်စုတစ်စုလျင် ပစ္စည်း ၁၇မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ အိမ်ထောင်စုများအတွက် မိုးကာနှင့် ပစ္စည်း (၁၁)မျိုးပါ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဒေါင်ဟောင်း တို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တနိုင်းမြို့၊ ဟူကောင်းရပ်ကွက်၊ ကောင်ဂျာရပ်ကွက်၊ ကင်ဆားရ်ရပ်ကွက်များအတွင်း၌ ၂၀၁၈-၂၀၁၉ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်သည့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မူလတန်းလွန်ကျောင်း အဆောက်အအုံများအား ကြည့်ရှုစစ် ဆေးခဲ့သည်။
Visitors: 15,637