မြစ်ကြီးနားသူနာပြုသင်တန်းကျောင်း၌ သားဖွားဒီပလိုမာ ပထမနှစ်သင်တန်းသား/သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း

မြစ်ကြီးနား မေ ၃
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အပတ်စဉ် ၂၇ သူနာပြု-သားဖွား ဒီပလိုမာပထမ နှစ်သင်တန်းသား/သူများအနေဖြင့် ပထမနှစ်ဝက်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ကြသဖြင့် ယနေ့ နံနက် ပိုင်းတွင် သင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးခဲ့ကြသည်။
အဆိုပါ အပ်နှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယနေ့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရသော သင်တန်းသား/သူများအနေဖြင့် အရည်အချင်းပြည့်ဝသော သူနာပြုများ ဖြစ်လာစေရန် သင်တန်းတက်ရောက်နေစဉ်ကပင် သူနာပြုအတတ်ပညာများကို တတ်မြောက်ကျွမ်းကျင် အောင်ဆည်းပူးလေ့လာခြင်း၊ကျင့်ဝတ်များကိုစောင့်ထိန်းခြင်း၊ စည်းကမ်းများကို လိုက်နာကြပြီး သင်တန်း ကာလပြီးသည်အထိ ကြိုးစားသွားရန် လိုအပ်သလို ကိုယ်တိုင် သူနာပြုဆရာ၊ ဆရာမများဖြစ်လာသည့် အခါတွင်လည်း ကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုနေထိုင်လျက် မိမိအတတ်ပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို အရည်အသွေးပြည့်ဝစွာ စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးပမ်းအားထုတ်သွားကြရန် လိုအပ် ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်မခေါင်ထဇမီဆားရ်နှင့် ပညာရေးအဖွဲ့ဝင် များက ပထမနှစ်ဝက်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သင်တန်းသား ၆ ဦးနှင့် သင်တန်းသူ ၇၉ ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးခဲ့ကြပြီး သင်တန်းသား/သူများက သူနာပြုအဓိဌာန်ရွတ် ဆိုကြကာ ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လူမှုရေးဝန်ကြီး နှင့် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ပညာသင်နှစ်အလိုက် ထူးချွန်ဆုရ သင်တန်းသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းအနေဖြင့် နှစ်စဉ်သူနာပြုများအား မွေးထုတ်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်အထိ ၁၂၅၃ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
Visitors: 20,042