မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ မိုးမကျမီစောလျင်စွာပြီးစီးရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပင်မရေနှုတ်မြောင်း များနှင့် လမ်းလုပ်ငန်းများ မိုးမကျမီစောလျင်စွာပြီးစီးရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပလနရပ်ကွက် နယ်မြေရဲစခန်း၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းဖြင့် ဆောက်လုပ်လျက်ရှိသည့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့၏ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှု အခြေအနေနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ နယ်မြေမီးသတ် စခန်းမြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပလန(၁)ရပ်ကွက်၌ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက် တစ်ပြေးညီဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုအပြင် လိုအပ်ချက်များကိုရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတွက် လွတ်လပ်စွာ တင်ပြတောင်းဆိုနိုင်ပါကြောင်း ပြောကြားကာ ရပ်မိရပ်များ၏ တောင်းဆိုချက်အရ ပိတောက်မြိုင်ရွာလယ်လမ်း ပေ ၄၅၀၀ ကျော်ကို ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဧရာရပ်ကွက်အတွင်းရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ရုံးအတွင်း စီးဝင်နေသည့် အမှတ် (၁) ပင်မရေနှုတ်မြောင်းအား မူလရေစီးလမ်းကြောင်းပြောင်းလဲ၍ ကျောက်စီရေနှုတ်မြောင်း ဆောင်ရွက်နိုင်ရေးနှင့် ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၂)ပင်မရေနှုတ် မြောင်း ၆၅၇၀ ပေ ကို ကျောက်စီရေနှုတ်မြောင်းအဖြစ် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျွန်းပင်သာရပ်ကွက်အတွင်း ဇော်ဂျွန်းလမ်းတစ် လျှောက် ကတ္တရာခင်းကျင်းနေမှုနှင့် ဂိုက်စ်ဘုရားကျောင်းဘေးလမ်း၊ နိုင်ငံဂုဏ်ရည်လမ်းနှင့် ကမ်းနား လမ်းတို့ကို လမ်းတိုးချဲ့ခင်းကျင်းနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ မိုးမကျမီ စောလျင်စွာပြီးစီးရေး တာဝန်ရှိသူများအား မှာကြားသည်။
Visitors: 15,637