ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ အင်ဂျန်းယန်မြို့နယ်အတွင်း ဒေသခံများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်

မြစ်ကြီးနား ဧပြီ ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ် ချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်ဂျန်းမြို့သို့ မော်တော် ယာဉ်များဖြင့် သွားရောက်ခဲ့ကြပြီး ဂွေထော် - အင်ဂျန်းယန်လမ်း ၂၅ မိုင်တွင် လမ်းဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် အင်လောက်ယန်ကျေးရွာနှင့် အင်ဂျန်းယန်မြို့ကြား ၂ မိုင် ၄ ဖာလုံ ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အင်ဂျန်းယန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယနေ့တွေ့ဆုံပွဲသည် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နားထောင်ဖို့ရန်နှင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လည်းလိုအပ်ချက်တွေကိုတင်ပြပေးကြရန် လိုအပ်ပါကြောင်း၊ အင်ဂျန်းယန်ဒေသသည် နယ်မြေအေးချမ်း တည်ငြိမ်မှုမရှိသော်လည်း မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ များတွင် ဦးစားပေးစနစ်ဖြင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးရရှိမှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးသည် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်မှသာ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်းပြော ကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုက အင်ဂျန်းယန်နယ်မြေဒေသအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုများကို တင်ပြပြီး တက်ရောက်လာကြသော ဒေသခံများက ဒေသအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍ အလိုက်ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ရှင်းလင်းဖြေကြားမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဝန်ကြီးဌာနအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မြို့နယ်အတွက် ကွန်ပျူတာတစ်စုံနှင့် SKY Net တစ်စုံတို့ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ဘုန်းတော်ကြီးသို့ သွားရောက်ပြီး နဝကမ္မ အလှူငွေများကို ပေးအပ်လှူဒါန်းကာ မြို့နယ် ၂၅ ကုတင်ဆံ့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဆေးဝါးကုသမှုခံယူနေသော လူနာများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အားပေးစကားပြောကြားကြကာ အာဟာရဖြစ်စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် အမှတ်(၄)ရပ်ကွက်ရှိ ကချင်ရိုးရာမနောတိုင်နှင့် မနောအိမ်တော်နှင့် မနောကွင်း တည်ဆောက်ပြီးစီးမှုုအခြေအနေနှင့် အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဆရာ၊ ဆရာမများ အိမ်ရာတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ကက်သလစ်အသင်းတော်ဘုရားကျောင်းနှင့် နှစ်ခြင်း အသင်းတော်ဘုရားကျောင်းများ၌ ဘုန်းတော်ကြီး၊ ဓမ္မဆရာများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ငွေကျပ် ၂ သိန်းစီကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
Visitors: 21,133