ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးကျောင်းများသို့ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သမှုခံယူ

မြစ်ကြီးနား ဧပြီ ၁၈
မြန်မာနှစ်သစ်ကူးအခါသမယ၌ ကုသိုလ်ကောင်းမှုအဖြစ် မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ခရစ်ယာန်အသင်းတော်ဘုရားကျောင်းများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အလှူငွေများသွားရောက်လှူဒါန်းပေးကြပြီး နှစ်သစ် ကူးဆုတောင်းမေတ္တာပို့သမှုများကို ခံယူကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်း၌ ဝန်းသို ကျောင်းဆရာတော်ဘဒ္ဒန္တကေတုမာလာထံမှ နှစ်သစ်ဆုတောင်းမေတ္တာပို့သမှုကို ခံယူကာ ပြည်နယ် ဝန်ကြီးချုပ်က နဝကမ္မအလှူငွေကျပ် ၁၅ သိန်းကို ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ရုံး၌ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သိက္ခာတော်ရဆရာတော်များ၊ အမှုဆောင်များနှင့် တွေ့ဆုံပြီး နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားကာ နှစ်သစ်ဆုမွန်ကောင်းချီးမင်္ဂလာခံယူခဲ့ကြပြီး အလှူငွေကျပ် ၁၅ သိန်းကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ကတ်သလစ်အသင်းတော် မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ စိန့်ကိုလန်ဘန်ကာသီဒြယ် ၌ ပြည်နယ်ဝန်ကြီးချုပ်က ဂိုဏ်းအုပ်ဆရာတော်ထံ အသင်းတော်အတွက် အလှူငွေကျပ် ၁၅ သိန်းကို ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ဒူကထောင်နှစ်ခြင်းအသင်းတော်၊ တပ်ကုန်းမူရင်းနှစ်ခြင်း အသင်းတော်၊ အင်ဂျန်ဒုံနှစ်ခြင်းအသင်းတော်၊စီတာပူနှစ်ခြင်းအသင်းတော်၊တပ်ကုန်းနှစ်ခြင်းအသင်းတော် ဘုရားကျောင်းများ၌ ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ် ၁၀ သိန်းစီကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သိက္ခာတော်ရဆရာတော်များထံမှ နှစ်သစ်ဆုမွန်ကောင်းချီးမင်္ဂလာများကို ခံယူခဲ့ကြသည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တာဝန်ရှိ သူများကလည်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခေမာသီဝံကျောင်းတိုက်၊ ပရဟိတကျောင်းတိုက်၊ နန်းကွေ့ မဟာဂန္ဓာရုံ၊ ရာဒါကောင်းမဟာဂန္ဓာရုံကျောင်းတိုက်၊ မြို့ဉုးစာသင်တိုက်၊ ရွှေအိုက်အဘယာရာမစာသင် တိုက်စသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ဧဝံဂေလိဓမ္မကောလိပ်၊ မန်ခိန်နှစ်ခြင်းအသင်းတော်၊ ခေမာသီရိလီဆူအသင်းတော်၊ လော်ဝေါ်နှစ်ခြင်းအသင်းတော် စသည့် ခရစ်ယာန်အသင်းတော်များထံ သွားရောက်ခဲ့ကြပြီး အလှူငွေကျပ် ၁၀ သိန်းစီကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး နှစ်သစ်ကူးဆုတောင်း မေတ္တာပို့သမှုများကို ခံယူခဲ့ကြသည်။
Visitors: 15,636