မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊စုပေါင်းသွေးလှူဒါန်းပွဲ နှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားများကျင်းပ

မြစ်ကြီးနား ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားများကို မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထား သောဧည့်သည်များ စုပေါင်း၍ ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းထောင့် ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၂ သိန်းကျော်ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္ဗာန်တော် ကျင်းပသည့် သက်ကြီးဘိုး၊ဘွားများအား ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး အခမ်းအနားတက်ရောက်လာသည့် သက်ကြီးဘိုး/ဘွား(၅၄) ဦးတို့အား ပူဇော်ကန်တော့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့ မှ လှူဒါန်းသည့် ဘိုး၊ဘွားတစ်ဦးလျှင် ငွေသားနှင့် ခြုံစောင် ၁ ထည်စီဖြင့် စုစုပေါင်းငွေကျပ် ၁၇၄၀၀၀၀ နှင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့တို့က တစ်ဦးလျှင်ငွေကျပ် ၅၀၀၀ စီကို ထောက်ပံ့လှူဒါန်း ခဲ့ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ သွေးလှူဘဏ်ဌာန၌ ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီမှ ကျင်းပလျက်ရှိသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့သွေးအလှူရှင် ရဟန်းပြည်သူ များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ စုပေါင်းသွေးလှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံ ကြည့်ရှု အားပေးခဲ့ကြပြီး ဆေးနှင့်အာဟာရမုန့်များကို ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပွဲ အတွက် ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မြို့တော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့မှကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲတွင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော် များနာယူကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကာ သံဃာတော်အရှင်သူမြတ်တို့အား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Visitors: 15,637