မြစ်ကြီးနားမြို့၌ သင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ လည်ပတ်သူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားလျက်ရှိ

မြစ်ကြီးနား ဧပြီ(၁၅)
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်စဉ်မပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်၏ သင်္ကြန်အကြတ်နေ့တွင် ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများနှင့် တေးသီချင်းသီဆိုမှုများ၊ ယိမ်းအဖွဲ့အကအလှများဖြင့် ဖျော်ဖြေမှုကိုကြည့်ရှုသူများဖြင့် ပိုမိုစည်းကားလျက် ရှိသည်။
ယင်းသို့ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဇနီးဒေါက်တာ ဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် နံနက်ပိုင်းတွင် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ် မိသားစုမဏ္ဍပ်တွင် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် လေတပ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး များနှင့်အတူ လေတပ်စခန်းဌာနချုပ်ယိမ်းအဖွဲ့များနှင့် တပ်ရင်းတပ်ဖွဲ့များ၏ ယိမ်းအကအလှအဖွဲ့များ၏ ကပြဖျော်ဖြေမှု ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ပေါ်ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သွား ရောက်ခဲ့ကြပြီး ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှအဖွဲ့များ၏ သီဆိုဖျော်ဖြေမှုနှင့် ဒေသခံများ၏ ရေပက်ခံ ပျော်ရွှင်စွာရေကစားမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး မင်းရပ်ရပ်ကွက် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ပြည်သူများနှင့်အတူ လှည့်လည်ရေကစားခဲ့ကြကာ ပွဲတော်အတွင်း တေးဂီတအစီအစဉ်ဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ အထူးသဖြင့် သင်္ကြန်အကြတ်နေ့၌ မြစ်ကြီးနားဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ဝိုင်းမော်မြို့ ဗဟိုမဏ္ဍပ်တို့တွင် ရေပက်ခံ ထွက်သူများ၊ ရေကစားသူအများအပြားတို့သည် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ငြိမ်းချမ်းပျော်ရွှင်စွာ ရေပက်ဖြန်းကစားလျက် ရှိကြသည်။
ညပိုင်းတွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင်ယိမ်း အဖွဲ့များ၏ ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား၊ စီဒီကတ်ဆက်ခွေတေးသီချင်းဖြင့် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသူပရိတ်သတ်များဖြင့် အထူးစည်ကားလျက်ရှိသည်။
Visitors: 20,042