ပြည်နယ်ဝန်ကြီးချုပ် မံစီမြို့စစ်ရှောင်စခန်းနေပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ဗန်းမော်မြို့နယ်ပြည်သူ့ဝန်ဆောင်မှုစုပေါင်းရုံး(OSS)အဆောက်အအုံသစ်ကို တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား ဧပြီ ၄
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ဗန်းမော်ခရိုင် မံစီမြို့ရှိ စစ်ရှောင်စခန်းနေ ပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲနှင့် ဗန်းမော်မြို့နယ် ပြည်သူ ဝန်ဆောင်မှု စုပေါင်းရုံး(OSS)သစ်အဆောက်အဦကို ဧပြီ ၃ ရက်တွင် ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့မှ နံနက် (၇)နာရီတွင် မံစီမြို့သို့သွား ရောက်ခဲ့ကြပြီး မံစီမြို့ ၊ ကောင်ရာရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းအတွင်းရှိ စစ်ရှောင်စခန်း နေပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိသားစုဝင်များကို အားပေး စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့က စစ်ရှောင်စခန်းနေပြည်သူ များအတွက် ဆန်အိတ် ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မံစီမြို့မှ ဗန်းမော်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဗန်းမော်မြို့ သာစည်ရပ်ကွက် အတွင်း ဖွင့်လှစ်သည့် မြို့နယ်အများပြည်သူဝန်ဆောင်မှုစုပေါင်းရုံးသစ်အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး အဆောက်အအုံသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ စိုက်ပျိုး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်နယ်စာရင်းစစ်ချုပ်ဦးတင်လှိုင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာတို့က အဆောက်အဦသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးကြပြီး အဆောက်အဦသစ်၏ ကမ္ဗည်းမော်ကွန်းကို အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးကြကာ စုပေါင်းရုံးအတွင်း ဝန်ဆောင်မှုပေးလျက်ရှိသည့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် အဆောက်အဦသစ် အစည်းအဝေးခန်းမ၌ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဗန်းမော်မြို့နေပြည်သူများအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် တစ်နေရာတည်း၊ တစ်ချိန်တည်းမှာပင် လုပ်ငန်းအများအပြားကို ဆောင် ရွက်နိုင်ရန်အတွက် ယနေ့ စုပေါင်းရုံးသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး အပြင် ပြည်သူနှင့်ထိတွေ့မှုများသည့် ဌာနများ၊ အခြားဆက်စပ်ဌာနများကို ထည့်သွင်း၍ ဖွင့်လှစ်နိုင်ပြီး ဖြစ်သည့်အတွက် အများပြည်သူ၏ လိုအပ်ချက်များကို ယခင်ကထက်ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အဂတိတရားကင်းရှင်းစွာဖြင့် ဌာနဆိုင်ရာအချင်းချင်းအပြန်အလှန်ထိန်းကြောင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒါအပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်း၍ ရွေ့လျားဝန်ဆောင်မှုအဖြစ် လုပ်ငန်းများဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ယင်းနောက် တော်ဝင်ရွှေနိုင်ငံကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဒေါ်ချိုလွင်ဌေးက ဗန်းမော်မြို့နယ် စုပေါင်းရုံးသစ် အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်ထံ လွှဲပြောင်းပေးအပ်ပြီး မြို့မိမြိုဖဦးသက်ပြန်က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ အဆောက်အဦသစ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၁.၃၈ ဘီလီယံဖြင့် ၁၂၀ ပေ ၊ ၁၂၁ပေရှိ (၄)ထပ်အဆောက်အဦဖြစ်ပြီး ၁၀.၁၁.၂၀၁၇ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်အတွင်း ပြည်နယ် ရန်ပုံငွေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၏ ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းနေအိမ်အဆောက်အဦသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဒေါ့ဖုန်းယန်မြို့ မြို့ဈေးအား ပြုပြင်တည်ဆောက်နိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Visitors: 16,712