ပြည်နယ်ဝန်ကြီးချုပ် လွယ်ဂျယ်နယ်စပ် ဝင်/ထွက်မုဒ်ဦးအဆောက်အဦသစ်ဖွင့်လှစ်ပေးပြီး မြို့နေပြည်သူများ၏ လိုအပ်ချက်များကို ဖြေဆည်းဆောင်ရွက်

မြစ်ကြီးနား ဧပြီ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ် သည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လွယ်ဂျယ်နယ်စပ်ဂိတ်၌ နယ်စပ်ဝင်/ထွက် မုဒ်ဦး အဆောက်အအုံ သစ်ကို ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်တို့ တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လွယ်ဂျယ်နယ်စပ်ဂိတ် နယ်စပ်ဝင်/ထွက်မုဒ်ဦးသစ် ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခွန်ဝင်းသောင်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မုဒ်ဦး၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အဆောက်အဦသစ်အတွင်း လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် မုဒ်ဦးသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်က အမှာစကားပြောကြားပြီး အဆောက်အဦသစ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ Sut Family Co;ltd မှ ဒါရိုက်တာ ဦးကိုကိုဝင်းက ရှင်းလင်းတင်ပြကာ ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဖော်လုလဝေါမ်က အဆောက်အဦသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က လွယ်ဂျယ်မြို့ ဒေသခံ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များဖြစ်သည့် ကချင်၊ ရှမ်း၊ လီဆူအဖွဲ့များနှင့် တရုတ်ယဉ် ကျေးမှုအဖွဲ့တို့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြော ကြားသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်းက မြို့ပေါ်ရှိ စစ်ရှောင်စခန်းနေ မိသားစု များအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် ၁၆၅၀၀၀၀ ကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ် ဝန်ကြီးချုပ်က နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အသုံးပြုရန်အတွက် အလျား ၁၈ မီတာ၊ အနံ ၃ မီတာ ရှိသည့်ကတ္တားကို အလှူရှင်များ၏လှူဒါန်းမှုလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေနှင့် မြို့မိ/မြိုဖများ ပူးပေါင်းဆောင်ရွက်မည့် လွယ်ဂျယ်မြို့ အမှတ် ၃၉ လမ်းအား ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး မြို့ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးဝါးကုသမှုခံယူနေသော လူနာများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကြသည်။
ယင်းနောက် ဓမ္မရကိ္ခတဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာများ၊ မြို့နေပြည်သူများ နှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ အခြေခံလိုအပ်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်တဲ့အခါမှာ ဗန်းမော်ခရိုင်နှင့် လွယ်ဂျယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုးမောက်-လွယ်ဂျယ်လမ်းကို ပြုပြင်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျွန်တော်တို့ ပြည်နယ်သည် တရုတ်နိုင်ငံနဲ့ အများဆုံး ထိစပ်နေတဲ့ ပြည်နယ် တစ်ခုဖြစ်ပြီး လွယ်ဂျယ်မြို့သည် နယ်စပ်မြို့ဖြစ်တဲ့အတွက် သန့်ရှင်းသာယာလှပပြီး စံပြမြို့ တစ်ခုဖြစ်ဖို့ ရန်လိုအပ်ပါကြောင်း၊ စံပြမြို့တစ်ခု ဖြစ်ဖို့အတွက် ဌာနဆိုင်ရာအသီးသီးနဲ့ မြို့နေရပ်မိရပ်ဖများ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ တာဝန်ကျဌာနဆိုင်ရာများအနေဖြင့် ရပ်မိရပ်ဖများ၏ လေးစားမှု၊ ယုံကြည်အားကိုးမှုရရှိဖို့ကို အလေးထားပြီး အကောင်းဆုံးဝန်ဆောင်မှုပေးရမည် ဖြစ်ပါ ကြောင်း၊ ပြည်သူများ၏ အခက်အခဲကို အားပေးနှစ်သိမ့်ပေးပြီး ဥပဒေနှင့်ညီပါက အမြန်ဆုံးဝန်ဆောင်မှု ပေးနိုင်မှသာ အများပြည်သူက ပူးပေါင်းပါဝင်လာပြီး လွယ်ဂျယ်မြို့ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့်လည်း အချင်းချင်း ချစ်ခင်ငြိမ်းချမ်းပျော်ရွှင်စွာဖြင့် အတူတကွနေထိုင် ကြရန် လိုအပ်သကဲ့သို့ အချင်းချင်းစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှသာ မိမိတို့ဒေသ မိမိမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက သိမ်းဆည်းခံမြေယာကိစ္စရပ်များနှင့် မြေယာအငြင်းပွားမှုကိစ္စ ရပ်များအပါအဝင် လွယ်ဂျယ်မြို့သို့ ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရတွင် တွေ့ကြုံရသည့် အခက် အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၏ ပြန်လည်ရှင်းလင်း ဖြေကြားမှုကို ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ သည်။
Visitors: 21,874