ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ဗန်းမော်မြို့ လူထုတွေ့ဆုံပွဲနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေး

မြစ်ကြီးနား ဧပြီ ၁
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဧပြီ ၁ ရက်တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဗန်းမော်မြို့ ဒေသခံပြည် သူများနှင့် လူထုတွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့မှ ဗန်းမော်သို့ ထွက်ခွာခဲ့ကြရာ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာတွင် ပြည်နယ်ဝန်ကြီးချုပ်ကအဆိုပါကျေးရွာ၌ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ပြောင်းရွေ့နေထိုင် သည့် အိမ်ထောင်စု (၂၉)စုမှ မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ အခြေချ နေထိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းရွေ့စရိတ်အတွက်ငွေကျပ် ၂၉၀၀၀၀၀ ၊ အိမ် ဆောက်ပစ္စည်းတန်ဖိုး ၂၇၀၀၀၀၀ ဖြင့် စုစုပေါင်းငွေကျပ် ၅၆၀၀၀၀၀ နှင့် သွပ်ချပ်ရေ (၆၆၅)ချပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဆေးစိမ်ခြင်ထောင်၊ တစ်အိမ် ထောင်လျှင် ဆီ(၅၀)ကျပ်သားစီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် မြစ်ကြီးနား-ဗန်းမော်သွားခရိုင်ချင်းဆက်လမ်းမပေါ်ရှိ တံတားအမှတ် ၁/ ၄၂၈၊ နန်ဆန်ယန်တံတား မြစ်ကြီးနားဘက်ခြမ်းရှိ ကမ်းကပ်ခုံချောင်းရေတိုက်စားမှုကြောင့် ရေကြောင်းလွှဲ ဆောင်ရွက်ထားရှိမှုနှင့် တံတား၏ကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ထိုမှတစ်ဆင့် ဒေါ့ဖုန်းယန်မြို့ဖွံ့ဖြိုးရေးအတွက် မြို့ပတ်လမ်းဆောင်ရွက်ရန်လျာထားသည့်လမ်းအခြေအနေကို ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်သည် မိုးမောက်မြို့နယ်အတွင်းရှိကျေးရွာအုပ်စု ၁၁ စု၊ ရွာပေါင်း ၁၆ ရွာမှ ဒေသခံပြည်သူများနှင့် ကုန်းနှောကျေးရွာ၊ ဗြဟ္မဝိဟာရီဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍများနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ (၃)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ အပေါ် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးကြရန်ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကျေးရွာတွင်းလမ်းများ၊ ကုန် ထုတ်လမ်းများနှင့် တံတားများတည်ဆောက်ပေးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေနှင့် ကမ်းပါးပြိုကာကွယ် ပေးရေး၊ မြေယာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဘဏ္ဍာငွေလျာထားဆောင်ရွက်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့သို့ ရောက်ရှိပြီး မြို့တော်ခန်းမလူထုတွေ့ဆုံပွဲသို့ တက် ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် (၃)နှစ်တာကာလအတွင်း အများပြည်သူ၏ လိုအပ်ချက်များ ကြိုးစားဖြည့်ဆည်း ဆောင်ရွက်ပေးရာ တွင်လိုအပ်ချက်များရှိနေအုံးမည်ဖြစ်ကြောင်း၊ ဒီလို ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့နေရာမှာ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် မူးယစ်ကင်းစင်ပြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာဖို့ မျှော်မှန်းချက်ထားရှိပါကြောင်း၊ဒါအပြင်တရားဥပဒေစိုးမိုးရေး၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့်လုပ်ငန်းများပါဝင်သည့် မျှော်မှန်းချက်တာဝန် (၈)ရပ်ကို ချမှတ်ပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အထူးသ ဖြင့်ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးတို့ကို ခရိုင်အလိုက် စီမံချက်များချမှတ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုလို မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်တစ်ရပ်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအနေဖြင့် ပြည်သူကို အမှန်တကယ်အကျိုးဖြစ်ထွန်းစေတဲ့ အကြံဉာဏ်များကို အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်းပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူများကို ဘယ်လိုကူညီဆောင်ရွက် ပေးရမည်၊ ဘယ်လိုဝန်ဆောင်မှုပေးရမည်ကို အလေးထားစဉ်းစားဆောင်ရွက်ပေးမှသာ အများပြည်သူက ချစ်ခင်လေးစားပြီးအားကိုးယုံကြည်လာမှာဖြစ်ကြောင်း၊ အများပြည်သူ အားကိုးယုံကြည်မှသာ ပူးပေါင်း ပါဝင်လာကြမှာဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအား မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးကိစ္စ ရပ်များ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ကျေးလက်ကုန်ထုတ် လမ်းများကိစ္စရပ်များ၊ မြို့ပြ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို တင်ပြကြရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက တင်ပြချက်များအပေါ် ကဏ္ဍအလိုက်ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ပြန် လည်ရှင်းလင်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့ ကမ်းနားလမ်းတစ်လျှောက်ကမ်းပါး ပြိုကာကွယ်ရေးအတွက်ညောင်ပင်ရပ်ကွက်မှ ရှပ်ပြေးသင်္ဘောဆပ်အထိ ‌ပေ ၁၀၀၀ ကျောက်စီရေထိန်း နံရံများဆောင်ရွက်နေမှု၊ တပ်ကလေးဆိပ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောရွက်ပြီးစီးမှုအခြေအနေနှင့် ကုန်းမဟတ်ကျေးရွာမှ တပ်ကလေး-ဆင်ခန်းရွာသွားဖြတ်လမ်း ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှု စစ်ဆေးကြပြီး ကွန်ပျူတာတက္ကသိုလ်၌ ကျောင်းသား/သူ ၁၀၀ ဦးဆံ့ ၂ ထပ် အာရ်စီ အိပ်ဆောင်နှင့် (၁)ထပ် ထမင်းစားဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကြသည်။

Visitors: 16,584