ရွှေကူမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ရွှေကူ မတ် ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်တို့သည် ရွှေကူမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို မတ်လ ၂၇ ရက် မွန်းလွှဲ ၃ နာရီတွင် ရွှေကူမြို့ မြို့တော်ခန်း၌ ကျင်းပပြုလုပ်ကြသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက နိုင်ငံတော်၏ ရည်မှန်းချက်များဖြစ်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်က ပြည်သူကို ဗဟိုပြုသော စနစ်ဖြစ်သည့်အတွက် ဒီမိုကရေစီ စနစ်နှင့်အညီ ပြည်သူ၏အသံကိုနားထောင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လွတ်လပ်စွာ တင်ပြနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာဒေသခံ ပြည်သူများကပေါင်းနက်ဆည်(စီသောင်ဆည်) ကောင်းမွန်ရေး၊ လယ်ယာမြေများမှ စပါးများ သယ်ယူနိုင်ရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေး၊ စည်ပင်သာယာရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် စည်ပင်ဧရိယာနှင့် မလွတ်ကင်းသည့် ကျူးကျော်နေအိမ်များနှင့် မြေယာကိစ္စရပ်များကို ဖြေရှင်းပေးရေး၊ လမ်း၊ မီးရရှိရေးနှင့် သာရေး/နာရေးကိစ္စများတွင် သားသတ်ခွင့်ရရှိရေး၊ တရားရုံးတွင် ရင်ဆိုင်နေရသည့် ပုဂ္ဂိကမြေယာအငြင်းပွားနေ သည့် ကိစ္စရပ်များ၊ နွေစပါးစိုက်ပျိုးမှု အတွက် ရေရရှိရေးစသည်တို့ကို တင်ပြကြသည်။ တင်ပြချက်များအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက စီသောင်ကျေးရွာအနီးရှိ ပေါင်းနက်ဆည် ကျိုးပေါက်၍ ရေလျှံမှုကိစ္စ အား ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘတ်ဂျက်တွင် ထည့်သွင်းထားပြီး ဖြစ်ကြောင်း၊ မြေကိစ္စများအား တရားရုံးမှ ှုဥပဒေနှင့်အညီ စိစစ်ဆုံးဖြတ်ပြီးသည်ထိ စောင့်ဆိုင်းပေးရမည်ဖြစ်ကြောင်းနှင့် စည်ပင်သာယာရေးဝန်ကြီးကလည်း သာရေး/ နာရေးကိစ္စများတွင် သားသတ်ခွင့် ရရှိရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရာတွင် စည်ပင်ဧရိယာနှင့် မလွတ်ကင်းသည့် ကျူးကျော်နေအိမ်၊ လမ်းနှင့် မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားကြပြီး လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဌာနဆိုင်ရာများနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြသည်။
Visitors: 19,052