ပထမအကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ ရှင်ရဟန်းတစ်ထောင်သာသနာ့အမွေခံယူပွဲ စည်ကားစွာပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၂၅
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ကချင်ပြည်နယ်လုံးဆိုင်ရာတိုင်းရင်းသားလူမျိုးပေါင်းစုံ ဗုဒ္ဓအဆုံးအမခံယူပွဲနှင့် ရှင်ရဟန်းတစ်ထောင်ပဗ္ဗဇ္ဇဥပသမ္ပဒမင်္ဂလာသာသနာအမွေခံယူပွဲ အခမ်းအနားများ ကို မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီး တို့၏ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ပြုလုပ်ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပွဲတော်ကျင်းပရေးနာယကဆရာတော်ဖြစ်သည့် အံတော်ရှင်ကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏဒဓဇ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးခင်မောင်မြင့်(ခ)ဦးဒိတ်တို့နှင့် ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ကြပြီး ပွဲတော်ကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်လောင်းနှင့်ရဟန်းဝတ်မည့် လူဦးရေရရှိမှုအပေါ်မူတည်၍ နယ်ဝေးမှ လာရောက်မည့်သူများအား တည်းခိုနေထိုင်စားသောက်ရေး၊ ရှင်လောင်းလှည့်လည်ရေးကိစ္စရပ်များ၊ ဧည့်ခံကျွေးမွေးရေး၊ မဏ္ဍပ်ဆောက်လုပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တရားပွဲပြုလုပ်ရေးဆိုင်ရာကိစ္စရပ်များ နှင့်ဘဏ္ဍာငွေလိုအပ်ချက်များကို အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ရှင်ရဟန်းများအား ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးတို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ရှင်ရဟန်းတစ်ထောင်သာသနာ့အမွေခံယူပွဲကို ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ ထေရဝါဒဗုဒ္ဓဘာသာဓလေ့ထုံးစံများအတိုင်း ရှင်လောင်းနတ်ပြခြင်း၊ ရှင်လောင်းလှည့်ခြင်းတို့ အပါအဝင် ညပိုင်းတွင်လည်း နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်များ၏ တရားပွဲများကို ထည့်သွင်းကျင်းပသွားဖြစ်ကြောင်းသိရှိရသည်။
ရှင်ရဟန်းတစ်ထောင်အတွက် တိုင်းရင်းသားပေါင်းစုံ၊ ဝန်ထမ်းမိသားစု၊ ကျောင်းသားများ၊ မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါသူများအပြင် တပ်မတော်မိသားစုဝင်များရှိ သာမဏေဝတ်ရန် ဆန္ဒရှိသူ များအပေါ် စာရင်းကောက်ယူမှုအရ ရှင်အပါး (၆၉၀)ပါးနှင့် ရဟန်း (၃၃၅)ပါးတို့ဖြင့် စုစုပေါင်း ၁၀၂၅ ပါးထိရှိကြောင်း ဦးစီးကော်မတီထံမှ သိရှိရသည်။
Visitors: 14,652