ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီအတွက် ယာယီရုံးခန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၂၃
ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ မဟာဗျူဟာရေးဆွဲရာတွင် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မတ် ၂၂ ရက် ညနေ ၄ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ယာယီ ရုံးခန်းဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဝေါ်လေးက ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ငွေကြေးများ ထောက်ပံ့ပေးနိုင်ရေးနှင့် လူငယ်စင်တာဆောက်လုပ်နိုင်ရေး မြေနေရာရရှိရန်စသည့် လိုအပ် ချက်များကို တင်ပြရာ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးနှင့် တာဝန်ရှိသူတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လူငယ်စင်တာ ဆောင်ရွက်နိုင်ရေး မြေနေရာအတွက် ပြည်နယ်ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး လတ်တလော လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ခရိုင်အားကစားကွင်း အတွင်း ယာယီရုံးခန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
 
Visitors: 16,712