ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံမှာကြား

မြစ်ကြီးနား မတ် ၂၃
ကချင်ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများနှင့် ပြည်သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ မတ် ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းချက်၊ ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ခရိုင်၊ မြို့နယ်များရှိအုပ်ချုပ်ရေးမှူးများသည် အဓိကကျသည့် စီမံအုပ်ချုပ်သူများ ဖြစ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် မြို့နယ်တစ်ခုနှင့် တစ်ခု မတူညီသည့် အခက်အခဲများရှိမည် ဖြစ်သော်လည်း မိမိတို့၏ ရည်မှန်းချက်များ ပြည့်မီစေရေး ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများကို အုပ်ချုပ်ရေးမှူးများက အရည်အသွေးပြည့်မီစေရေး၊ အချိန်မီ ပြီးစီးရေးတို့အတွက် ဂရုတစိုက်စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီတင်ပြရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အထူးသဖြင့် ပြည်သူများကို အကောင်းဆုံး ဝန်ဆောင်မှု ပေးကြရန်နှင့် ပြည်သူတွေ အားကိုးတဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်လာဖို့ရန် လိုအပ်ကြောင်း၊ ပြည်သူများ အား ဝန်ဆောင်မှုပေးရာတွင်လည်း အကြောင်းမဲ့ အချိန်ဆွဲပြီး ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန်လိုပါ ကြောင်း၊ ပြည်သူများအနေဖြင့် တိုင်ကြားမှုများရှိလာပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ အခက်အခဲများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကာ လိုအပ် သည်များကို မှာကြားသည်။
Visitors: 19,052