ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆွမ်ပရာဘွမ်မြို့နယ်နှင့်ခကရန်းယန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် (၁၀)

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဉက္ကဌဦးထွန်းတင်၊ ပြည်နယ် တရားလွှတ်တော်တရာသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ နှင့်တွေ့ဆုံပွဲကို မတ်(၈)ရက် မွန်းလွဲပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ်၊ ခကရန်းယန်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့သို့ပြုလုပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အဓိကဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးသို့ကို ဦးစားပေးဆောင်ရွက်နေမှုများ၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် အစီအမံများချမှတ်ဆောင်ရွက်နေမှုများကို ပြည်သူ များအားလုံးက ပူးပေါင်းပါဝင်သတင်းပေးကြရန်လိုအပ်ပါကြောင်း၊ ပြည်နယ်နှံ့မီးလင်းရေးကို ဆက် လက်ကျိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ပြည်သူများက ကျန်းမာရေးဆိုင်ရာလိုအပ် ချက်များ၊ လမ်း/ တံတားလိုအပ်ချက်များ၊ မီးရရှိရေး၊ လယ်ယာမြေကိစ္စရပ်များနှင့် သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးများနှင့် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ခါသွတ်ကျေးရွာနှင့် ခမိုင်ယန်ကျေးရွာရှိ IDPs အိမ်ထောင်စု (၁၅)စု၊ လူဦးရေ(၅၃)ဦးတို့အတွက် ဆန်(၃)အိတ်၊ ဆား(၂၀)ပိဿာ၊ ဆီ(၁၅)ပိဿာ၊ ပဲ(၃၀)ပိဿာနှင့် ခေါက်ဆွဲခြောက်(၁၅)ဖာတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကပေးအပ်ရာ IDPsကိုယ်စား လှယ်တစ်ဦးမှ လက်ခံရယူခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေ(၅)နာရီတွင် ဆွမ်ပရာဘွမ်မြို့ရှိ ဘန်ရူ ခန်းမဆောင်တွင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူများက နယ်မြေဒေသ အတွက်လိုအပ်ချက်များဖြစ်သော မီးရရှိရေး၊ ရေကောင်းမွန်စွာရရှိရေး၊ လူနာတင်ကားရရှိရေး၊ ကလေးကစားကွင်းများရရှိရေး၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများတို့ကို အသီးသီးတင်ပြရာ၌ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုသည်များကိုဖြည်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆွမ်ပရာဘွမ်မြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအတွက် Sky Net(၁)စုံနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အတွက် Computer(၁)စုံပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က လက်ခံရယူခဲ့သည်။

Visitors: 11,085