မြစ်ကြီးနားမြို့၌ (၂၁)ကြိမ်မြောက် ဆရာအတတ်သင်ဒီပလိုမာအပ်နှင်းပွဲကျင်းပ

မြစ်ကြီးနား မတ် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပညာရေးကောလိပ်ကျောင်း၌ကျင်းပသည့် (၂၁)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို မတ် (၅)ရက်နံနက်(၉)နာရီ တွင် အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မျိုးဆက်သစ်ဆရာ/ဆရာမ များကို မွေးထုတ်ပေးနိုင်ခဲ့တဲ့နေ့ဖြစ်တာကြောင့် ပညာရေးဌာနအတွက်သာမက ကချင်ပြည်နယ် တစ်ခုလုံးအတွက်ပါ မင်္ဂလာကျက်သရေအပေါင်းနဲ့ ပြည်စုံတဲ့နေ့တစ်နေ့ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ဥယျာဉ်မှူးကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ နေ့လည်းဖြစ်မယ်လို့ယုံကြည်ပါကြောင်း၊ စာသင်ပြရုံဖြင့် ဆရာကောင်းတစ်ယောက်ဖြစ်လာနိုင်မှာ မဟုတ်သကဲသို့ စိတ်ကိုပါပြုပြင်ပေးနိုင်မှသာ တပည့်များ၏ ယုံကြည်အားကိုးဖွယ်၊ အသိအမှတ်ပြု လေးစားခံထိုက်ဖွယ် ဖြစ်လာနိုင်မှာဖြစ်ကြောင်း ဆရာအတတ်ပညာသင်တန်းဆင်း ဆရာ/ဆရာမများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဒီပလိုမာအပ်နှင်းခံရမည့် ဆရာ/ဆရာမလောင်းများ အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရရဲ့ စေတနာများကို ပြည်သူများသိရှိအောင် အသိပေးဆောင်ရွက်ရင်း ပြည်ထောင်စုစိတ်ဓာတ် ပိုမိုစိမ့်ဝင်ခိုင်မာလာအောင် ကြိုးပမ်းတည်ဆောက် သွားစေလိုကြောင်း၊ တိုင်းပြည်နဲ့လူမျိုးရဲ့ အားကိုးအားထားပြုထိုက်တဲ့ ဆရာကောင်းဆရာမွန်များ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးထင်ဗေးက ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆရာအတတ်ပညာဒီပလိုမာသင်တန်း အောင်မြင်သည့်သင်တန်း သား/သူများအား ဒီပလိုမာလက်မှတ်များချီးမြှင့် ပေးအပ်ခဲ့သည်။
ယနေ့ကျင်းပသည့် (၂၁)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲတွင် သင်တန်း သား/သူ(၂၆၆)ဦးတို့အား ဒီပလိုမာလက်မှတ်အပ်နှင်းပေးနိုင်ခဲ့ပြီး B.Ed တက်ရောက်ခွင့်ရှိသူ(၂၆ )ဦး ရှိကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

Visitors: 19,921