မိုးကောင်းမြို့၌ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃
မြန်မာ့လွှတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မြင်းစီးကြေးရုပ်ထုဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲတွင် မြို့တော်ခန်းမဘေးရှိ ဗိုလ်ချုပ်ရုပ်ထုစိုက်ထူထားရှိရာနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်တို့က တက်ရောက်ဖွင့်လှစ် ပေးကြသည်။
အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မြင်းစီးကြေးရုပ်ထုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံတို့နှင့် ဗိုလ်ချုပ်ကြေးရုပ်ထုအလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကြေးရုပ်ထုကဗ္မည်းမော်ကွန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်/ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံနှင့် ဗိုလ်ချုပ် အောင်ဆန်းအား အလေးပြုခဲ့ကြပြီး မြို့တော်ခန်းမဝင်းအတွင်း (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြသထားသော ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိပြခန်းအပါအဝင် ဌာနဆိုင်ရာပြခန်း (၁၄)ခုတို့ကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
မိုးကောင်းမြို့၌ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်ပွဲတွင် ဒေသ ခံအလှူရှင်များက စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ပြခန်းများတွင် လှည့်လည်ကြည့်ရှုသူများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
Visitors: 17,770