(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရေး လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးဌာန တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်လိုက်သည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၄)ဦး တို့တက်ရောက်ခဲ့ကြကာ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၇)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွန်က ပြည်နယ်ဝန်ကြီးဌာန တိုးချဲ့ပြင်ဆင်ဖွဲ့စည်းနိုင်မည့်ကိစ္စနှင့် ပတ်သက်၍ ကချင် ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၇ ခု၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၄ ခု၊ စုစုပေါင်း ၁၁ ခုဖြင့် ဖွဲ့စည်း ထားရှိရာ ဝန်ကြီးဌာန ၇ ခုအနက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန အား လမ်းပန်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန ၂ ခုခွဲ၍ ဝန်ကြီးဌာန ၈ ခု၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၄ ခု၊ စုစုပေါင်း ၁၂ ခုဖြင့် ပြင်ဆင်ဖွဲ့စည်းရန်အတွက် အကြောင်းကြားမှုအပေါ် ပြည်နယ်လွှတ်တော်တွင် (၂၉-၁-၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့သော အရေးပေါ် အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့တွင် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ကန့်ကွက်မဲများသည့်အတွက် လွှတ်တော်က သဘောမတူ ကြောင်းကို ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံမှ နိုင်ငံတော်နှင့် ပြည်နယ်၏အကျိုးစီးပွားအတွက် မဖြစ်မနေဆောင်ရွက် ရန်လိုအပ်သည်ဟု ထပ်မံအကြောင်းကြားလာပါသဖြင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန နှစ်ခုအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းနိုင်ရေး လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံ ညှိနှိုင်းခြင်းဖြစ်ကြောင်း တင်သွင်းသည်။
ယင်းသို့ ထပ်မံအကြောင်းကြားညှိနှိုင်းမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက အကြုံပြု ဆွေးနွေးခဲ့သဖြင့် ဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းတင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းရေးကို လွှတ်တော်၏ သဘောတူညီချက်ရယူကာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။
ထို့အပြင် လွှတ်တော်ဥက္ကဋ္ဌက ယနေ့အစည်းအဝေးတွင် သဘောတူကြောင်း ဆုံးဖြတ်ချက်သည် ယခင်သဘော မတူကြောင်း ဆုံးဖြတ်ထားမှုအား လွှမ်းမိုးပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်း ကြေညာကာ အစည်းအဝေး ဆဌမနေ့ကို ရပ်နားလိုက်ပြီး ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသည်။
Visitors: 17,771