ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ဆက်လက်ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၇
ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အင်ဂျန်းယန်မြို့နယ်၊ မြစ်ဆုံကျေးရွာအုပ်စု၊ ဇွပ်မိုင်ယန်ကျေးရွာအနီးရှိ အင်ဂျန်းခချောင်း၊ အယဲ့ခချောင်းနှင့် ကဒါ့ခချောင်းလူကူးကြိုးတံတား (၃)စင်းသည် လွှတ်တော်ပထမ သက်တမ်းအတွင်း ဆောက်လုပ်ပေးခဲ့ရာ ယခုအခါ အဆိုပါကြိုးတံတားများရှိ သစ်သားများခိုင်ခံ့မှုမရှိ ပျက်စီးနေပါသဖြင့် ခိုင်ခံ့သော ဘေလီသံဘောင်ကြိုးတံတားများအဖြစ် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/ မရှိမေးခွန်း၊ မြစ်ချောင်းအင်းအိုင်များ၊ ရေနေသတ္တဝါများစုံကို စောင့်ရှောက်ကာကွယ်သည့် ဥပဒေ၊ နည်း ဥပဒေများကို ပြဋ္ဌာန်းပြီးဖြစ်သော်လည်း လက်တွေ့ကွင်းဆင်းရာတွင် ပြည်သူများသည် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသဖြင့် သက်ဆိုင်ရာဌာန အနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါသည်နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ချီဖွေမြို့ မြို့ကွက်သစ်ဖော်ထုတ်ပေးနိုင်ရန် ကချင်ပြည်နယ်အစိုးရဖွဲ့မှ ခွင့်ပြုပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ မေးခွန်း များအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း (၁၄)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည် နယ်ဝန်ကြီးများ ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေး ဒုတိယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းလျာထားချက်” ကို ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး က လွှတ်တော်သို့ အတည်ပြုပေးနိုင်ရန် တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေး ကြပြီး လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အစားထိုးတာဝန်ပေးရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ဖတ်ကြားပြီးကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်သည်။
Visitors: 16,809