ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၄
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၆)ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အရ/ အသုံးများဆိုင်ရာစစ်ဆေးတွေ့ရှိချက်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်၏ ၁-၁-၂၀၁၈ ရက်နေ့မှ ၃၁-၁၂-၂၀၁၈ ရက်နေ့အထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြား တင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက်လွှတ်တော်ကိုယ်စားလှယ်များက ရွှေကူမြို့နယ် စီသောင်ကျေးရွာနှင့် လိပ်စင်းကျေး ရွာသည် (၁)မိုင်ခန့်ဝေးကွာပြီး မြေသားလမ်းဖြင့်သာ ဆက်သွယ်လျက်ရှိပါသဖြင့် မိုးတွင်းအခါရွံ့ဗွက်များ ဖြစ်ပေါ်မှုကြောင့် ကျောင်းသား/သူများနှင့် ရွာသူ/ရွာသားများ သွားလာရန်ခက်ခဲမှုများကြုံတွေ့နေရပါ သဖြင့် ရာသီမရွေးသွားလာနိုင်ရေးအတွက် ကွန်ကရစ်ဘောင်သဲကျောက်အမာခံလမ်း (သို့မဟုတ်) ကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊ ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာမှ လယ်ကွင်းများသို့ မိုးစပါးစိုက်ပျိုးချိန်၊ ချောင်းရေတိုးချိန်အရှည်ပေ ၁၂၀ ခန့်၊ အကျယ် ၄ ပေခန့်ရှိ နန့် ကျရီချောင်းဖြတ်ကြိုးတံတားသည် တောင်ကျချောင်းနှင့် အတူ မျောပါသွား၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၁၄)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် မိုးညှင်းမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ၂၀၁၂ ခုနှစ် မြေလတ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့်တင်ထားပြီး (၄)နှစ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ခြင်းမရှိသော မြေများကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံပိုင်မြေအဖြစ် ပြန်လည်သိမ်းယူထားသော မြေများ အား နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဖော်ထုတ်ပြီး မြေမဲ့ယာမဲ့တောင်သူများနှင့် လုပ်ကွက်ငယ်တောင်သူ များကိုစနစ်တကျနေရာချ လုပ်ပိုင်ခွင့်ချပေးရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအားတိုက်တွန်း ကြောင်းအဆိုကို ပြန်လည်ရုတ်သိမ်းခွင့်ပြုရန် လွှတ်တော်၏ သဘောထားကို ရယူပြီး ယင်းအဆိုအား ရုတ်သိမ်းရန် လွှတ်တော်က ခွင့်ပြုကြောင်းဆုံးဖြတ်ကာ အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။
Visitors: 16,809