ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်တို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ကြသည်။
ရှေးဦးစွာ ဝိုင်းမော်မြို့နယ်အတွင်း မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၄၈၀/၇-၄၈၀/၀) နန့်မြစ်ခချောင်းပေါ်၌ တံတားအထူးအဖွဲ့မှ တည်ဆောက်လျက်ရှိ သည့် နန့်မြစ်ခတံတား PhaseII ၊ ၃၀၂ ပေအရှည် သံကူကွန်ကရစ်ရေလည်တိုင်များ တည်ဆောက် နေမှုအခြေအနေနှင့် ချဉ်းကပ်လမ်း မြေထိန်းနံရံတည်ဆောက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ စောလျင်စွာ ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများအားမှာ ကြားသည်။
ယင်းနောက် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီး ဌာနမှ ဆောက်လုပ်လျက်ရှိသည့် ၁၅၀ ပေ× ၅၆ ပေ၊ တိုးချဲ့ RC ၂ ထပ် လူနာဆောင်အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးရုံအတွင်း ဆေးဝါးကုသမှုခံ ယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်ကျောင်းဝင်းအနီး မြို့တော်ခန်းမ ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာလျာထားမှုကို လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်(၁)ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၇) လမ်း အရှည်ပေ ၆၀၀၊ ၁၂ ပေအကျယ်လမ်းကို မြေသားမြှင့်တင်ပြီး ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ချိန်းကျေးရွာရှိ နောင်ချိန်း-ဂွေထု ကျေးရွာချင်းဆက်လမ်း ၁၀ မိုင်အနက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ရွာတွင်းလမ်း ၂ မိုင် ကတ္တရာလမ်းခင်းကျင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် မိုးမကျမီ စောလျင်စွာပြီးစီးရေး အရည်အသွေး ပြည့်မီစွာဆောင်ရွက်ရေးမှာကြားခဲ့သည်။
Visitors: 14,444