လစ်လပ်လျက်ရှိသာ ပြည်နယ်ဝန်ကြီးနေရာများတွင် ခန့်အပ်တာဝန်ပေးမည့် အဆိုပြု အမည်စာရင်းအား လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်

မြစ်ကြီးနား ဇန်နဝါရီ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ လစ်လပ်လျက်ရှိသော ပြည်နယ်ဝန်ကြီးနေရာများတွင် ခန့်အပ် တာဝန်ပေးမည့် အဆိုပြု ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းများကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တတိယနေ့တွင် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်လိုက်သည်။
အဆိုပါ အဆိုပြု ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းနှင့် ပတ်သက်၍ အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ခ) အရ လစ်လပ် ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းကို ခန့်အပ်တာဝန်ပေးနိုင်ရေး လွှတ်တော်၏ သဘောတူညီချက် ရယူရန် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယနေ့ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်က တင်သွင်း ထားသည့် လစ်လပ်လျက်ရှိသော ပြည်နယ်ဝန်ကြီးနေရာများတွင် ခန့်အပ်တာဝန်ပေးအပ်မည့် အဆိုပြု ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းနှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်လိုက်ပြီး အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) တတိယနေ့ကို ရပ်နားခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လစ်လပ်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှုရေး ဝန်ကြီးဌာနတို့၏ ပြည်နယ်ဝန်ကြီးနေရာများအတွက် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းနှင့် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီတို့အား အဆိုပြုအမည်စာရင်း တင်သွင်းထားခြင်း ဖြစ်ရာ ၎င်းတို့အား အစည်းအဝေး စတုတ္ထနေ့တွင် ကတိသစ္စာပြုခန့်အပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စား လှယ်(၄၆) ဦးတို့ တက်ရောက်ခဲ့ကြသည်။
Visitors: 18,958