ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ်သားဖွားဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဉ္စမအကြိမ်သားဖွားဒီပလိုမာအပ်နှင်းပွဲသို့ တက် ရောက်ခဲ့ပြီး မြစ်ကြီးနားမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ် ဆေးခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ကျင်းပပြုလုပ်သည့် အပတ်စဉ် (၅)ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများအား ပဉ္စမအကြိမ် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်အမှာစကား ပြောကြားသည်။ ဆက်လက်၍ သားဖွားကျောင်းစီမံခန့်ခွဲရေးအဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဘုန်းမော်က ဒီပလိုမာအောင်လက်မှတ်ယူမည့် သင်တန်းသူများအား ဆုံးမစကားပြောကြားပြီး ဒီပလိုအောင် လက်မှတ်အပ်နှင်းခြင်းခံယူမည့် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ယင်းနောက် စီတာပူရပ်ကွက်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် စီတာပူကုန်တင်ကုန်ချဆောက်လုပ်ရေးစီမံကိန်းနေရာ၌ ကုန်လှောင်ရုံများတည်ဆောက်မှုအခြေအနေ၊ ကုန်ပစ္စည်းအတင်/အချ ကားကွင်းအတွင်း ကွန်ကရစ်ခင်းကျင်းမှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းဧရိယာအတွင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက်အတွင်းရှိ ငွေပျော်လမ်းမပေါ်၌ မိုးတွင်းကာလ လမ်းရေကျော်မှုကြောင့် ကျောင်းသား/သူများ ဖြတ်သန်းသွားလာရာတွင် အခက်အခဲ မဖြစ်စေရေး၊ သွားလာမှုအဆင်ပြေစေရေးအတွက် တည်ဆောက်ပြီးစီးသည့် ကွန်ကရစ်တံတားနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သခင်နက်ဖေလမ်း ဘူတာရုံရှေ့မှ အေးစေတီအဝိုင်းပတ်အထိ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အချိန်ပြီးစီးရေးနှင့် လမ်းနှင့်အတူ ဘေးဝဲ/ယာရေနှုတ်မြောင်းများကို တစ်ပါ တည်း တည်ဆောက်သွားနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Visitors: 16,809