ပြည်နယ်ဝန်ကြီးချုပ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်းတက်ရောက်ဖွင့်လှစ်ပေးပြီး ကလေးစာပေပွဲတော်ဖွင့်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ (၁၉)
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်းကို တက်ရောက်ဖွင့်လှစ်ပေးပြီး ကလေးစာပေပွဲတော် (မြစ်ကြီးနား) ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်၌ ရာပြည့် ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်ပွဲသို့တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့ နှင့် အထက်တန်းကျောင်းတည်ထောင်သူ ဦးဇေယျာတို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ကျောင်းဆောင်သစ်အတွင်း ကျောင်းသား/ သူများ၏ ပညာရေးစွမ်းရည်ပြခန်းများ ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စျေးကြီးလမ်းနှင့် တပင်ရွှေထီးလမ်းဆုံနေရာ၌ လမ်းမီးတိုင် စိုက်ထူဆောင်ရွက်သွားမည့် အခြေအနေနှင့် ထိုမှတစ်ဆင့် ရွှေတောင်လမ်းမကြီးတစ် လျှောက်လမ်းလယ်သံပန်းများနှင့် လမ်းမီးတိုင်များ စိုက်ထူဆောင်ရွက်နေမှု အခြေအနေများ၊ ဆမား လမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံမီးပွိုင့်အနီး တြိဂံကျွန်းနေရာ၌ မီးတိုင်ရွေ့ပြောင်းစိုက်ထူမည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်၌ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ကျင်းပမည့် ကလေးစာပေပွဲတော် (မြစ်ကြီးနား)အတွက် ကြိုတင်လေ့ကျင့်မှုများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်းနှင့်အတူ ပွဲတော် အတွက် ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ ကျောင်းသားကလေးငယ်အကအဖွဲ့များ၏ အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
Visitors: 16,809